Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ

False လူမှုရေး

လူအပါအဝင် အခြားသောသတ္တဝါတွေမှာ အဖိုအမ ရှိကြပေမဲ့ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေ ချည်းသာဖြစ်ပြီး မိုးခြိမ်းသံမှာ သာယာခြင်းဖြင့် ကိုယ်ဝန်ရကြတယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ 

တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။

အောက်ပါ စာသားအချို့ကတော့ ယနေ့ပျံ့နှံ့ခဲ့တဲ့ ဘလော့ဂ်ပို့စ်ပါစာသားတွေထဲကကောက်နုတ်ဖော်ပြ ချက်ဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ်လောက်ကတည်းကစတင်ပျံ့နှံ့ခဲ့တာတွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တူညီတဲ့ ပြောဆိုချက်ပါဝင်တဲ့ဖေ့စ်ဘွတ်ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ 

 “လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာ တော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။

ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြရပါတယ်၊ ဗျိုင်းတင်မဟုတ်ပါ ကြက်မတွေလဲ ရံဖန် ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်၀န်ယူတတ်ကြပါတယ်၊ နောက်ပြီး အချို့သောနွားမများဟာလည်း နွားလားဥသဘ၏ အသံကိုသာယာပြီး ကိုယ်၀န်ယူတတ်ကြပါတယ်၊ အဲဒီအကြောင်းကို ကျမ်းဂန်မှာ ဒီလိုဆိုထားပါတယ်” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက်

မျှဝေထားတဲ့အကြောင်းအရာတွေမှာ “ဦးနန္ဒာစာရ မုံရွာ” ကို ညွန်းဆို(creditပေး)ကြတာတွေ့ရပါတယ်။ ဒီစာအရ ကျမ်းဂန်မှာပါတာလို့လည်းရေးသားထားပါတယ်။ သို့သော်လည်း Fact Crescendo Myanmar အနေနဲ့ ဒီအချက်ကို အတည်မပြုနိုင်ပါဘူး။ 

 Google မှာရှာကြည့်မယ်ဆိုရင် အခုလို ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို ပြန်လည်ကူးယူဖော်ပြနေတဲ့ ဘလော့ဂ် စာမျက်နှာတွေကလွဲ ယုံကြည်စိတ်ချရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဗျိုင်းမှာ အထီးမရှိဘဲ အမချည်းပဲ ရှိတယ်ဆိုတဲ့ရေးသားချက်မတွေ့ရပါဘူး။ 

သို့သော်လည်း ဗျိုင်းထီး(Male Heron)ဆိုတဲ့အကြောင်းအရာကိုတော့ အမြောက်အများတွေ့ရပါတယ်။ ဉပမာအားဖြင့် အမေရိကမှာအတွေ့ရများတဲ့ Great Blue Heron အကြောင်း အမေရိကန်အမျိုးသားဉယျာဉ် လုပ်ငန်းကရေးသားထားတဲ့စာတစ်ပုဒ်မှာ ဗျိုင်းထီးနဲ့ဗျိုင်းမ မိတ်လိုက်ပုံကို အောက်ပါအတိုင်းရေးသား ထားပါတယ်။

“သတ်မှတ်ထားသော မျိုးပွားရာနေရာသို့ ရောက်ရှိလာသောအခါ ဗျိုင်းထီးနဲ့ဗျိုင်းမသည် ပိုးပန်းခြင်းစတင်သည်။ ခေါင်းငုံ့ထားခြင်းဖြင့် ဗျိုင်းနှစ်ကောင်သည် မိတ်လိုက်ရာတွင် စိတ်ဝင်စားဖွယ်ကောင်းကြောင်း ပြသသည်။ နောက်ပိုင်းတွင် ဗျိုင်းထီးသည် အသိုက်အမြုံအတွက် စုဆောင်းပြီး ဗျိုင်းမထံ ယူဆောင်လာမည်ဖြစ်သည်။ မိတ်မလိုက်မီ နှုတ်သီးချင်းထိုးဆိတ်ခြင်း၊ အခြားတစ်ကောင်ရဲ့ အမွေးများကို နှုတ်သီးနဲ့ ပွတ်ပေးခြင်းတို့ကိုလည်း တွေ့နိုင်သည်။  အသိုက်တစ်ခုစီတွင် ဥသုံးလုံးမှ ငါးလုံးရှိတတ်သည်။ ဝပ်ကျင်းကာလသည် ခုနစ်ပတ်မှ ရှစ်ပတ်ကြာသည်။ ထို့နောက် အကောင်ပေါက်သောအဆင့်မှာ နှစ်ပတ်မှ သုံးပတ်အထိ ကြာတတ်သည်။ ခုနှစ်ပတ်မှ ရှစ်ပတ်အထိရှိလာချိန်တွင် ဗျိုင်းတွေဟာ ၎င်းတို့သည် မိဘများကဲ့သို့ ကြီးမားကြလာပြီး လွတ်လပ်စွာ သွားလာနိုင်ကြသည်။”

မူရင်းလင်ခ့် – National Park ServiceArchive link  

ဗျိုင်းတွေဟာ အခြားသော ငှက်တွေလိုပဲ မိတ်လိုက်ပြီး မျိုးပွားတဲ့အကြောင်းကို ဒီနေရာနဲ့ ဒီနေရာမှာလေ့လာ နိုင်ပါတယ်။ ထို့အတူ မြန်မာလို Google မှာရိုက်ရှာမယ်ဆိုရင် ဝီကီပီဒီယားလို့ စွယ်စုံကျမ်းတွေမှာ “ဗျိုင်းဖိုနှင့် ဗျိုင်းမသည် အသိုက်ကို အတူတကွစောင့်ရှောက်သကဲ့သို့ ဥများကို အလှည့်ကျဝပ်လေ့ရှိသည်။ ဗျိုင်းဥသည် ချောမွတ်ခြင်း မရှိဘဲ စိမ်းပြာရောင် ဖျော့ဖျော့ရှိသည်။ တစ်ခါဥလျှင် သုံးဥမှ ငါးဥအထိ ဥသည်။ သားပေါက်ရန် ၂၁ ရက်မှ ၂၅ ရက်အထိ ဝပ်ရလေ့ရှိပြီး သားပေါက်ပြီးနောက် တစ်လမှ တစ်လခွဲခန့်ကြာမှ သားခွဲလေ့ရှိသည်။” လို့ရေးသား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေချည်းဆိုတာ မမှန်ပါဘူး။ ထို့အပြင် ဗျိုင်းတွေဟာ ဖို၊မ သဘာဝ မိတ်လိုက်ပြီး မျိုးပွားတာတွေ့ရပါတယ်။ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြတယ်ဆိုတာလည်း မတွေ့မထောက်အထားမတွေ့ရပါဘူး။

Avatar

Title:Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *