
လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က ညွှန်ကြားထားတာဖြစ်ပြီး ၃၁ ရက်နေ့ အထိဖြစ်ကြောင်းလည်း ဒေါ်ဖြူဖြူသင်းကပြောပါတယ်။ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ထဲမှ ဒေါ်ဖြူဖြူသင်း၏ ပြောကြားချက်ကောက်ုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကျွန်မတို့လည်း ဒီးစင်တာမှာရှိနေတာပဲ။ နဂိုကတည်းက မထွက်ရဘူး။ Quarantine လုပ်ထားတဲ့အတွက် ထွက်ခွင့်မရှိဘူးဆိုတာ ပြောထားပြီးသားလေ။ စပြီး ကျွန်မတို့ ဒီဝင်ကတည်းကိုက ကျွန်မတို့ ပါတီခေါင်းဆောင်တွေက ပြောပြီးသား။ ဒါ Quarantine စင်တာ။ Quarantine စင်တာဆိုတာ ဘယ်လို့လုပ်ထွက်လို့ ရမတုန်း။(တပ်မတော်က ၃ ရက်အတွင်းမထွက်ဖို့ အမိန့်ပေးတယ်ဆိုတာ)မဟုတ်ပါဘူးရှင့်။ ကျန်တာကတော့ လုံခြုံရေးနည်းနည်းတိုးမြှင့်တယ်။ ကျွန်မတို့ Quarantine စင်တာဖြစ်တဲ့အတွက် ဒီစင်တာမှာပဲ နေရတယ်။ သူတို့ ဈေးကားတွေဘာတွေထွက်ပေးတယ်။ အဲမှာ ဝယ်စားလို့ရတယ်။ ကျန်းမာရေးအရ အချင်းချင်း မထိတွေဖို့ ၊စကားမပြောဖို့ရယ်၊ အပြင်မထွက်ဖို့ရယ် အဲဒါကို အဓိကထားပြီး တားထားပါတယ်။ (တပ်မတော်က အမိန့်ထုတ်တာ)အမိန့်ထုတ်တာ မရှိဘူး။ ပါတီကကိုက ဆေးထိုးဖို့ရှိတဲ့အတွက် ဒီ Quarantine စင်တာလို ပုံစံမျိုးပေါ့ ကျွန်မကတော့ ၂၁။ ကျန်တဲ့သူတွေကတော့ ၇ ရက်ပေါ့။ Quarantine ဝင်ရတဲ့သဘောပါ။ ပစ္စည်းတွေဘာတွေပို့တာတို့ဘာတို့ ဆိုရင် ထိပ်မှာ လုံခြုံရေးကိုပြောပြီးတော့ သွားဖို့လို့ရပါတယ်။ မသွားဖို့တော့ အဓိကတားထားတယ်။ Q စင်တင်ပုံစံမျိုးပဲပေါ့”
ထို့အပြင် Khit Thit Media ကလည်း ဖရူဆိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဒီးဒီနှင့် ဆက်သွယ်မေးမြန်းချက်မှာလည်း Quarantine စင်တာမှာဖြစ်တယ်၊ အပြင်မထွက်ရဘူးပြောကြား ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က အပြင်မထွက်ဖို့ အမိန့်ပေး တယ်ဆိုပြီး မျှဝေနေတာဟာ သတင်းမှားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ
Fact Check By: Nayar MaungResult: False