
COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်း အနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “အခု ဝေဘါဂီဆေးရုံရှေ့မှာ ခရစ်ယာန် မိန်းကလေးတွေ ဆရာဒေးဗစ်လား ပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ်ကျပြီး ငိုနေကြတယ် ကိုယ်တို့ယုံကြည်သူတွေလဲ စိတ်ပူလို့ စုံစမ်းကြည့်တာပေါ့ အားလုံး ပဲ ဘုရားသခင်ဆီမှာ ဆုတောင်း ပေးကြပါ ဆရာဒေးဗစ်လား အသက်ရှုရတာ အရမ်းအခက်အခဲ ဖြစ်နေပါတယ် လည်ချောင်းကို ဖောက်ပြီး အသက်ရှုပိုက် သွင်းထားရပါတယ် ခုအချိန်မှာ ဘာသာခြားတွေနဲ့ ငြင်းခုန် ရန်ဖြစ်နေ မယ့်အစား ဆရာဒေးဗစ်လား အတွက် ဆုတောင်းပေးကြရအောင်လား ယုံကြည်သူအပေါင်းတို့ God bless you” ဆိုပြီး “ဇင်မျိူး အေး”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေလာတာတွေ့ရပါတယ်။
ဒီပို့စ်ရဲ့ အောက်က မှတ်ချက်တွေမှာ မယုံကြည်သူတွေလည်းရှိသလို လူနာကို ကျိန်ဆဲနေသူတွေလည်းရှိပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

၂၀၁၇ ခုနှစ် မေ ၆ ရက်က တောင်ကိုရီးယားနိုင်ငံက KPOP အဆိုတော် EXO အဖွဲ့လာရောက်ချိန်မှာ မြန်မာ အမျိုးသမီးငယ်တွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကြိုဆိုနှုတ်ဆက်ဖို့အတွက် စောင့်ဆိုင်းနေခဲ့ပေမဲ့ EXO အဖွဲ့ဝင်တွေဟာ အခြားလမ်းကြောင်းကနေ ထွက်သွားခဲ့တဲ့နောက် ငိုကြွေးခဲ့ကြတဲ့ပုံဖြစ်ပါတယ်။ 7day သတင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

“ဇင်မျိူး အေး”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ပို့စ်နဲ့ 7days သတင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “ဇင်မျိူး အေး”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထား “အခု ဝေဘါ ဂီဆေးရုံရှေ့မှာ ခရစ်ယာန် မိန်းကလေးတွေ ဆရာဒေးဗစ်လား ပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ်ကျပြီး ငိုနေကြတယ်”ဆိုတဲ့သတင်းဟာ သတင်းမှားဖြစ်ပါတယ်။

Title:ခရစ်ယာန်မိန်းကလေးတွေ ဆရာဒေးဗစ်လားပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ် ကျနေတာလား…မဟုတ်ပါ…အမှန်က ဒီလိုပါ
Fact Check By: Nayar MuangResult: False