Fact Check: ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုဘူးလို့  ပြောကြားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။ ဒီလိုအလားတူမျှဝေချက်တွေကို ဒီနေရာဒီနေရာ ဒီနေရာနဲ့ ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားတာ တွေ့ရပါတယ်။ tenor အပါအဝင်အခြားသော gif ပလက်ဖောင်းများတွေမှာလည်း အလားသဏ္ဌာန်တူ ပျံ့နှံ့လျက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီး အထောက်အထားမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို မေးမြန်းအတည်ပြုရာမှာလည်း ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ အခုလိုရေးသားများဝေနေတဲ့ အချက်တွေထဲက အဓိကျတဲ့စကားလုံးတွေဖြစ်တဲ့ မြန်မာဘာသာနဲ့ ရေးသားချက်ဖြစ်တဲ့ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ”၊ အင်္ဂလိပ်နဲ့ ရေးသားချက်ဖြစ်တဲ့ “buddha is just ordinary sort of person”စတဲ့ စကားလုံးတွေနဲ့ အသုံးပြု ရှာဖွေကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့  အထောက်အထားမျိုးမတွေ့ရှိရပါဘူး။ archive.org နဲ့ archive.is အွန်လိုင်းစာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်တွေရဲ့ ရာဇဝင်နဲ့ မှတ်တမ်းကို ပြန်လည်ရှာဖွေကြည့်ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမှတ်တမ်းမျိုး ရှာမတွေ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ၁၉၉၅ နဲ့ ၁၉၉၆ ခုနှစ်အကြားမှာ ပထအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက် အပြီးမှာ နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ Alan Clements က ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်တွေကို အကျယ်တဝန်း ဖော်ပြခဲ့ဖူးတာတွေ့ရပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ  ဗုဒ္ဓရဲ့အဆုံး အမတွေကို ချီးကျူးထားပြီး သူကိုယ်တိုင် နေအိမ်အကျယ်ချုပ်ဘဝမှာ လက်တွေ့ကျင့်သုံးပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပုံကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာတွေ့ရပါတယ်။ Alan Clements တွေဆုံမေးမြန်းမှုထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗုဒ္ဓဘာသာအပေါ်နဲ့အခြားယုံကြည်မှုတွေအပေါ်အမြင်ကို ကောက်နှုတ်ဖော်ပြရရင် “ဘာကြောင့် နေ့စဉ်တရားထိုင်တာလဲ”ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။

“တရားထိုင်တဲ့အဓိကအကြောင်းအရင်းကတော့  ကျွန်မ စိတ်ကျေနပ်မှုရလို့ပါ။ ကျွန်မလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတယ်လို့ အသိလည်း ရတယ်။ မတည်မြဲမှု အနိစ္စကိုလည်း သတိပြုမိလာစေတယ်။ လူ့ဘဝနဲ့ ပတ်သက်ရင်တော့ ကျွန်မသာမန်ပဲသဘောထားပါတယ်။ ကျွန်မ မေတ္တာတို့ တရားမျှတမှု တို့ပတ်သတ်ပြီး ပြောလာရင်တော့ ကျွန်မထားသင့်ထားထိုက်တယ်လို့ ထင်ရင်ထားတယ်၊လုပ်သင့်လုပ်ထိုက်တယ်ထင်ရင် လုပ်တယ်။ စိတ်ခွန်အားတိုးတက်စေတာကတော့ တရားထိုင်ရင်းကရတဲ့ ဆုလာဘ်ပါပဲ”

ဒီလိုမျိုး “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”ဆိုတဲ့ မျှဝေနေကြတဲ့အချက်အပေါ် စာရေးဆရာဦးထင်လင်ဉီးကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါ အတိုင်းပြောပါတယ်။

“အဲဒါက ကျွန်တော်တို့ အခုမှ ဖြစ်လာတဲ့အကြောင်းအရာမဟုတ်ပါဘူး။ ၁၉၈၉ မှာ ဒီ NLD ပါတီတည် ထောင်ပြီး တော့ စည်းရုံးရေးတွေ လှည့်လည်သွားလာတဲ့အချိန်မှာ အဲဒီမှာကတည်းက ဒီလိုမျိုးသတင်းမှား တွေပေါ့နော် တလွဲတွေကို လိုရာကို ဆွဲယူပြီးတော့ ပုတ်ခတ်လာခဲ့တဲ့အကြောင်းအရာလို့ ကျွန်တော် မှတ်မိတယ်။ ဘယ်မှာ ပြောတဲ့ စကားကို ဖြတ်ညှပ်ကပ်လုပ်ပြီးတော့ ပြောတာလဲတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ အဲလိုမျိုးပေါ့။ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့ အမေစုက ဒီလိုပြောပါတယ်ဆိုပြီးတော့ ဖြတ်ညှပ်ကပ်လုပ်တာကိုတော့ အဲဒီ ၉၀ ရွေးကောက်ပွဲ ပတ်ဝန်းကျင်လောက်ကတည်းက စပြီးတော့လုပ်ခဲ့တာလို့ မှတ်မိတယ်။ ဒါမျိုးတွေက တဖက်အဖွဲ့အစည်းက လုပ်နေကြပါ။ ဒေါ်အောင်ဆန်စုကြည်နဲ့ NLD ကို ထိုးနှက်တိုက်ခိုက်ဖို့အတွက်ဆိုရင် အမျိုးမျိုးလုပ်ခဲ့တာပဲ။ အခုမှလုပ်တာတော့ မဟုတ်ပါဘူး”

အွန်လိုင်းရေးသားဖြန့်ဝေမှုကို စောင့်ကြည့်အစီရင်ခံတာတွေလုပ်တဲ့ အသံအဖွဲရဲ့ အမှုဆောင် ဒါရိုက်တာ ကဗျာ ဆရာ မောင်ဆောင်းခကို Fact Crescendo Myanmar ကအလားတူမေးခွန်းမေးမြန်းအတည်ပြုရာမှာလည်း အောက်ပါအတိုင်း ပြောပါတယ်။

“ကျွန်တော်လည်း ဒီအတိုင်းတော့ သတင်းဖတ်တဲ့သူတစ်ယောက်အနေနဲ့တော့ အဲလိုဟာမျိုးမတွေ့ဘူး။ တစ်ခါမှလည်း မမြင်မိဘူး။ ကျွန်တော်ထင်တယ် အဲဒီဟာမျိုးက သတင်းအမှားတစ်ခုကို  ခုနပြောသလိုပဲ retrieve လုပ်တယ်လို့ပဲမြင်တယ်။ အချက်အလက်နဲ့ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်သိရသလောက်ကတော့ အဲဒါမျိုးက ဒေါ်စုမပြောဘူးလို့ ကျွန်တော်ထင်တယ်”

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက် ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်လို့ မျှဝေနေတဲ့အချက်ဟာ အထောက်အထားမရှိပါဘူး။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *