
ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ အချမ်းသာဆုံး ၁၀ ဉီးမှာ ဒုတိယချိတ်တယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီစာသားဓာတ်ပုံနဲ့အတူ “ဒီရဲဂျာ” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဒေါ်အောင်ဆန်းစုကြည်ကို လိင်ပိုင်းဆိုင်ရာ စော်ကားထားသော အသုံးနှုန်းများနဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ ဒုတိယအချမ်းသာဆုံးဆိုတာ တကယ်လား။ အာရှမှာအချမ်းသာဆုံး ပုဂ္ဂိုလ် တွေက ဘယ်သူတွေလဲဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ
အချက်အလက်စိစစ်ချက်
Goolge မှာ “asia richest people” သို့မဟုတ် “asia top 10 richest”ဆိုပြီးရိုက်ရှာကြည့်မယ်ဆိုရင် အာရှက အချမ်းသာဆုံးသူတွေအကြောင်းရေးသားထားတဲ့ ရလာဒ်အမြောက်အများတွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်အခြေစိုက် Forbes သတင်းဌာနဟာ ကမ္ဘာမှာ အချမ်းသားဆုံးပုဂ္ဂိုလ်တွေကို နှစ်စဉ်ခန့်မှန်း ထုတ်ပြန်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ၂၀၁၉ ခုနှစ် အဲဒီစာရင်းအရကိုကိုးကားပြီး အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကို wikipedia ကရေးသားထားရာမှာ အိန္ဒိယနိုင်ငံက ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ တယ်လီဖုန်းအော်ရေတာလုပ်ငန်း သူဌေး မူကေးရှန်ဘန်နီ(Mukesh Ambani) အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ နဲ့ အချမ်းသာဆုံးဖြစ်ပြီး ဒုတိယအချမ်းသာဆုံးကတော့ တရုတ်နိုင်ငံက အင်တာနက်လုပ်ငန်း Tencent ပိုင်ရှင် မာဟွာထောင် (Ma Huateng) ဖြစ် တာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှထိပ်တန်း လူချမ်းသာ ၁၀ ဦးမှာ ဒုတိယချိတ်တယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် “ဒီရဲဂျာ” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ ပို့စ်မှာပါတဲ့ ဓာတ်ပုံပါဖော်ပြချက်ကိုအချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Title:အာရှမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအချမ်းသာဆုံးလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False