
နိုင်ငံတွင်းရှိ ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
“သော်ဝတီ စိုးမိုး”အမည်နဲ့ “လေထန်အရပ်ကအဖြစ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screeshot ရိုက်ပြီး မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်မှာ Myanmar Top News အမည်နဲ့ ယူကျူချန်နယ်တစ်ခုက သတင်းခေါင်းစဉ်တစ်ခုကိုပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။
ဒီပို့စ်မှာပါတဲ့ screenshot မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းကစပြီး တူရကီမှာရှိတဲ့ခရစ်ယာန်တွေဟာ မိမိသာသာ အသာတကြည် ဘာသာကို စွန့်လွှတ်ပြီး ဘုရားကျောင်းတွေကို အပြီးတိုင်ဖျက်သိမ်း ဗလီ အဖြစ် ပြောင်းလဲမယ်လို့ ပြည်သူတွေကို တူရကီသမ္မတက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားထား တာတွေ့ရ ပါတယ်။

အလားတူ “Siemeeai”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီပို့စ်လိုပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ screenshot ရိုက်ပြီးမျှဝေထားတဲ့ သတင်းဖော်ပြချက်ဟာ ယူကျူမှာ Myanmar Top News အမည်နဲ့ ချန်နယ်တစ်ခုက တင်ဆက်ခဲ့တဲ့ သတင်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီယူကျူချန်နယ်ဟာ သတင်းခေါင်းစဉ်အမှားတွေတပ်ပြီး ဖြန့်ဝေတာ၊ လူတွေစိတ်ဝင်စားမယ့်ခေါင်းစဉ်ပေး လူမှုကွန်ယက်မှာ ရေးသားထားတဲ့ ပို့စ်တွေကို ကူးယူပြီး အသံသွင်း ဗွီဒီယိုလုပ်ခြင်းအားဖြင့် သတင်းမှားတွေ အဓိကဖြန့်ချိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အခုလည်း သတင်းခေါင်းစဉ်မှာ “နိုင်ငံတွင်းရှိ ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီ သမ္မတအမိန့်ပေး”လို့ရေးသားထားပေမဲ့ ဗွီယိုအသံဖိုင်မှာ ရှေးဟောင်းခရစ်ယာန် ဘုရားကျောင်းပြတိုက် တစ်ခုကို ဗလီတစ်ခုအဖြစ်ပြောင်းလဲဖို့ တူရကီသမ္မတအာဒိုဂန်က အမိန့်တစ်ရပ်ထုတ် တဲ့အကြောင်းကို ပြောကြားထား တာတွေ့ရပါတယ်။
Google မှာ “turkey order christian to convert to muslim”၊ “Erdogan order christian to convert to muslim”ဆိုရင်လည်း ဒီခရစ်ယာန်တွေရဲ့ ထင်ရှားတဲ့ အဆောက်အဉီးဗိသုကာလက်ရာနဲ့ အဆောက်အဉီးကို ဗလီအဖြစ်ပြောင်းလဲ့တဲ့အကြောင်းရေးသားထားတဲ့ သတင်းတွေပဲ တွေ့မြင်ရတာတွေ့ရပြီး ခရစ်ယာန်ဘာသာ ဝင်တွေကို မွတ်ဆလင်အဖြစ်ပြောင်းလဲဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ သတင်း အထောက်အထားတစ်ခုတစ်လေမှ မတွေ့ရှိရပါဘူး။ “Hagia Sophia”လို့အမည်ရတဲ့ ခရစ်ယာန်ဘုရားကျောင်းဟာ ၆ ရာစုဝန်းကျင်က ခရစ်ယာန်တွေဆောက်ခဲ့တဲ့အဆောက်အဉီးတစ်ခုဖြစ်ပြီး ၁၅ ရာစုမှာ အော်တိုမန်အင်ပါယာလက်အောက်မှာ ဗလီဖြစ်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာတော့ ပြတိုက်တစ်ခုအနေနဲ့ ဒီခရစ်ယာန်ဘုရားကျောင်းကို ပြတိုက်တစ်ခု အနေနဲ့ ထားရှိဖို့ အဲဒီအချိန်က တူရကီခေါင်းဆောင် Mustafa Kemal Ataturk က အမိန့်ကြေညာထုတ်ပြန်ခဲ့ ပြီး လက်ရှိမှာတော့ အဲဒီအမိန့်ကို တူရကီတရားရုံးကပယ်ဖျက်ပြီးနောက်မှာ တူရကီသမ္မတက ဗလီအဖြစ်ပြောင်းဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ တူရကီမှာခရစ်ယာန်တွေကို မွတ်ဆလင်ဘာသာအဖြစ်ပြောင်းလဲဖို့ သမ္မတ အာဒိုဂန်က အမိန့်ပေးခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရှိရဘဲ “Hagia Sophia”အမည်နဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီဖြစ်ခဲ့ဖူးတဲ့နေရာတစ်ခုကို ပြတိုက်လုပ်ထားရာကနေ ဗလီအဖြစ် ပြန်ပြောင်းမယ်ဆိုတဲ့သတင်းသာတွေ့ရှိရပါတယ်။

Title:ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False