
Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ဖျော်ဖြေမိခဲ့ခြင်းကို ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ Project K အဖွဲ့ဟာ ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းဖျော်ဖြေခဲ့ပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်ခဲ့တယ်လို့ရေးသားထားပြီး အထပ်မြင့် အဆောက်အဦးတစ်ခု မီးလောင်နေတဲ့ ဓာတ်ပုံပါဝင်ပါတယ်။
ကိုရီးယားနိုင်ငံ အူးလ်ဆန်(Ulsan)မြို့မှာ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တာမှန်ကန်သော်လည်း မျှဝေလျက်ရှိတဲ့ ပို့စ်မှာပါသလို Project K ဖျော်ဖြေမှုအပြီးမှာဖြစ်ပျက်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။
“ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းခဲ့တဲ့ Project K ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်မှု့”လို့ ရေးသားပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။
“We Love Myint Myat”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့်- Fb link | Archive link
အချက်အလက်စိစစ်ချက်
ကိုရီးယားနိုင်ငံ အူးလ်ဆန်(Ulsan)မြို့မှာ မီးလောင်မှုဖြစ်စဉ်သတင်းကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ မီးလောင်မှုကြောင့် (၈၈) ယောက်ခန့် ဒဏ်ရာရှိခဲ့ပြီး အဆောက်အဦး မှာ ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
အူးလ်ဆန်တာဝါမီးလောင်မှုလို့ပြောနေတဲ့ မီးလောင်မှုဟာ ၃၃ ထပ်မြင့်တဲ့ Samhwan Art Nouveau အမည်ရ လူနေနဲ့ စီးပွားရေးအဆောက်အဦးမှာ အောက်တိုဘာ ၈ ရက်(ကြာသပတေးနေ့) ည ၁၁ နာရီဝန်းကျင် (ကိုရီးယား စံတော်ချိန်)မှာစတင်လောင်ကျွမ်းမှုဖြစ်စဉ်ဖြစ်ပါတယ်။ ၁၃ နာရီဝန်ကျင်အကြာလောင်ကျွမ်းပြီး အောက်တိုဘာ ၉ ရက်နေ့မှာ နေ့လည်ပိုင်းမှာ မီးငြိမ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – BBC | Archive link
Project K အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက်(စနေနေ့)မှာ ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က တော့ သူတို့အဖွဲ့ပါဝင်ကပြခဲ့တဲ့ Asian Song Festival ကျင်းပခဲ့တဲ့မြို့ဟာ ပြောင်းဂျို (Gyeongju)မြို့မှာဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တဲ့မြို့ဟာ အူးလ်ဆန်(Ulsan)မြို့မှာ ဖြစ်ပါတယ်။ မြို့ ၂ မြို့ဟာ ၃၆.၂ ကီလိုမီတာ(၂၂ မိုင်ခွဲ)ကွာဝေးပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ Project K ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်မှု အဖြစ်ဖော်ပြချက်ဟာ မှားယွင်းပါတယ်။

Title:ကိုရီးယားအူးလ်ဆန်မီးလောင်မှုက Project K ဖျော်ဖြေမှု့ အပြီး ဖြစ်ပွားခဲ့ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False