
မိုးကုတ်မှာ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။
“Myanmar Hard Talk” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ လူမှုကွန် ယက်အသုံးပြုသူ ၁ ထောင် ၆ ရာကျော်က ပြန်လည်မျှဝေထားပါတယ်။
“မြန်မာတနိူင်ငံလုံးက ပြည်သူတွေ မိုးကုတ်မြို့သားတွေလို အသိရှိရင် မြန်မာပြည်ပြီးငြိမ်းချမ်းပြီ ၊ မိုးကုတ်မြို့သား တွေဟာ NLD ပါတီကိုမြို့လုံးကျွတ်ထောက်ခံခဲ့တယ် ၊ (၂၀၁၅) မှာမြို့လုံးကျွတ်မဲထဲ့ခဲ့တယ် ၊ ဒါပေမဲ့ သူတို့အားလုံး အချိန်မှီသတိရှိလိုက်ကြပြီ ၊ (၂၀၂၀) မှာ NLD ကိုမဲမပေးဖို့ တမြို့လုံးတညီတညွတ်ထဲဆုံးဖြတ်လိုက်ကြပြီး မြို့အနှံမှာရှိတဲ့ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီတဲ့ ၊ ဂုဏ်ယူပါတယ်မိုးကုတ်”လို့ ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
“Myanmar Hard Talk” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးသားထားပေမဲ့ ဆိုင်းဘုတ်ဖြုတ်ချနေတဲ့ ပုံမျိုးအသုံးပြုထားတာမတွေ့ရှိရသလို သတင်းဘယ်လိုရရှိသလဲဆိုတဲ့ အရင်းအမြစ်လည်းမပါရှိတာတွေ့ရပါတယ်။
ဒီလိုရေးသားမျှဝေထားတဲ့ ပို့စ်မှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ရဟန်း ၂ပါးနဲ့ နိုင်ငံခြား သားတစ်ဦး မိုးကုတ်မြို့အဝင်မှာ တွဲရိုက်ထားတဲ့ပုံဖြစ်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ အမေရိကန်ဖွား ကျောက်ကုန်သည်နှင့် ကျောက်မျက်ပညာရှင် Jeffery L Bergman ရေးသားတဲ့ “800 Years of Mogok: A Celebration in Tenuous Times”အမည်နဲ့ စာအုပ်က အဖွင့်စာမျက်နှာက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

“မိုးကုတ်မှာ မြို့အနှံမှာရှိတဲ့ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီ”ဆိုတဲ့အချက်နဲ့ပတ်သက်လို့ မိုးကုတ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသစ်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။
“မဟုတ်ပါဘူးခင်ဗျ။ မရှိပါဘူး။ ရုံးအသစ်တင်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ ရပ်ကွက်တွေပါတွေမှာ ရုံးအဟောင်း တွေရှိတယ်။ ရုံးဟောင်းတွေလည်းရှိပါတယ်။ အဲလိုတော့ မကြားမိပါဘူး။ ကျွန်တော်က အမြဲတမ်းအဆက်အသွယ် ရှိပါတယ်။ (ပါတီဝင်)နှုတ်ထွက်တာလည်းမရှိပါဘူး။ ဝမ်းသာစရာသတင်းကတော့ ကိုယ်စားလှယ်လောင်းတွေ မဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ ကိုယ်စားလှယ်လောင်းတွေ လျှောက်ထားတဲ့နေရာမှာ တစ်ချို့ ကိုယ်စားလှယ်လောင်းက ကိုယ်စားလှယ်လောင်းအနေနဲ့ သူတို့ ဦးစားပေးမရဘူးပေါ့။ အဲဒါဆိုလို့ရှိရင် သူတို့က ရွေးကောက်ပွဲကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းကို ကူညီကြတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကူညီဆောင်ရွက်ပေးကြတယ်။ ပါတီမှာတော့ ကွဲတာလည်းမရှိပါဘူး”လို့ ဦးမျိုးသစ်ကပြောပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “Myanmar Hard Talk” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေ ထားတဲ့ မိုးကုတ်မှာ မြို့အနှံမှာရှိတဲ့ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီတဲ့အချက်ကို အချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။

Title:မိုးကုတ်မှာ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False