
သင်္ကြန်ကာလရုံးပိတ်ရက်တွေအတွင်းမှာ အသွားအလာကန့်သတ်မှုအချို့ပြုလုပ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်မှာပဲ ဧပြီ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်အထိ အတည်ပြု လူနာ ၄၁ ဉီးရှိလာပြီဖြစ်ပါတယ်။
ရက်ပိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာ ရုတ်တရက်များပြားလာနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအတည်ပြုလူနာစာရင်းက လူနာတွေနဲ့ ပတ်သက်တဲ့သတင်းတွေလည်း ရေပန်းစားနေပါတယ်။
ဒီလိုအချိန်မှာပဲ “IC ရဲ့ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် မျိုးကြီး ဟာ Case- 037 အဖြစ် ရောဂါ ကူးစက်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ကူးစက်မှု ရာဇဝင်အရ ဆုတောင်းဝတ်ပြုပွဲဆင်နွဲရာကနေ ကူးစက်လာတာဖြစ်တယ်လို့ သိရပါတယ်”ဆိုပြီးတော့ celemyanmar၊ realthadin စတဲ့အမည်နဲ့ ဝက်ဆိုဒ်တွေက ရေးသားတဲ့ သတင်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အောက်ပါပို့စ်တွေကတော့ပြန်လည် မျှဝေမှုတစ်ချို့ ပဲဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အဆိုတော်မျိုးကြီးရဲ့ ဇနီးဖြစ်သူ လုံးလုံးလွင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ပြန်လည် ရှင်းပြထားပါတယ်။“Case 37 က ကိုမျိုးကြီးလုံးဝမဟုတ်ပါဘူး။စိတ်ပူပေးကြတာ ကျေးဇူးပါ။ God Bless You All” ဆိုပြီး ဧပြီ (၁၂) ရက်နေ့ပိုင်းက ရေးသားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်ဉီးဝေဖြိုးဟန်က လူနာနံပါတ် ၃၇ သည် အဆိုတော်မျိုးကြီးမဟုတ်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။
“အဆိုတော်မျိုးကြီးတို့ကတော့ အဲဒီတွေ့တဲ့အထဲမှာ မပါပါဘူး။ ဒါပေမဲ့ positive ဖြစ်သွားတဲ့ လူများနဲ့ သူတို့တွေနဲ့ ဒီပွဲတစ်ပွဲမှာ သူတို့ ဆုံခဲ့ကြတဲ့ ရာဇဝင်လေးတော့ရှိတာပေါ့။ ရှိတဲ့အတွက်ကြောင့်မို့ သူတို့တွေလည်း Quarantine လုပ်လိုက်တဲ့သဘောပါပဲ။ သူတို့ကတော့ ဒီဖြစ်တဲ့အထဲမှာတော့ သူတို့မပါပါဘူး။ ၃၇ က ကိုမျိုးကြီးဆိုတာမဟုတ်ပါဘူး”လို့ ဉီးဝေဖြိုးဟန်ကပြောပါတယ်။
အင်းစိန်မြို့နယ်အတွင်းတွေ့ရတဲ့ COVID -19 လူနာ ငါးဦးအနက် လေးဦးဟာ His Glory Ministry Mission Church က သင်းအုပ်ဆရာ၊ ဓမ္မတေးတီးခတ်သူတို့ဖြစ်တယ်လို့ ဘုရားကျောင်းရှိရာအရှေ့ကြို့ကုန်း၊ ဝပ်ရှော့ ( ၂ ) ရပ်ကွက်ရဲ့ ရာအိမ်မှူး က ဦးစောဝင်းလွင်က 7day သတင်းဌာနကို ပြောကြားထားပါတယ်။ ဒီလူနာတွေဟာ လူနာအမှတ် ၃၄ ၊ ၃၅ ၊၃၆ နဲ့ ၃၇ တို့ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဘာသာရေးအခမ်းအနား ကို အတူ တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့တွေ့ရတယ်လို့လည်း ရေးသား ထားပါတယ်။
ဧပြီ ၁၂ ရက်က မနက် ၂ နာရီအချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 အတည်ပြုလူနာ ၇ ဉီးကို ထုတ်ပြန်ခဲ့ရာမှာ အင်းစိန်မြို့နယ်က အမျိုးသမီး ၁ ဉီး၊ အမျိုးသား ၄ ဉီးစုစုပေါင်း ၅ ဉီးတွေ့ရှိခဲ့ရ ကြောင်းထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ အဆိုတော်မျိုးကြီးဟာ Case- 037 အဖြစ် ရောဂါကူး စက်ခံ လိုက်ရတယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။ COVID-19 နဲ့ပတ်သက်တဲ့သတင်းတွေ အမှားလားအမှန် လားသိရဖို့အတွက် Whatsapp က တဆင့် ၀၉၄၀၇၀၉၉၀၇၇ ကို သိရှိလိုတဲ့အကြောင်းအရာကို ပေးပို့ပြီး အချက်အလက်စစ်ဆေးနိုင်ပါတယ်။

Title:အဆိုတော် မျိုးကြီး ( CASE -037 ) ကိုဗစ်ရောဂါ ကူးစက်ခံရဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False