
ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘက်က သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့တဲ့ ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။
“သူ့ရဲ့ မိန်းမကို မလှမပ တရုတ်မလို့ ဝေဖန်ကြတဲ့အပေါ် တုန့်ပြန်လာတဲ့ မက်ဇူကာဘတ် ( ဖေ့စ်ဘုတ်တည်ထောင်သူ )
ကျနော့်မိန်းမ မလှမပတရုတ်မ/မက်ဇူကာဘတ်၏ “MY WIFE CHINA AND NOT PRETTY” ကို ပြန်ဆိုသည်/
တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မ တစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။
ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။ အတော်များများ ကလည်း ကျနော့်ဇနီးမယား ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မိန်းမလှတွေလို့ ပြောလို့ရတဲ့သူတို့တွေရဲ့ စိတ်နှလုံး သားဟာ ဖန်သားပြင်လိုပဲ ကွဲကြေလွယ်တယ်။ မာနကြီးသလောက်ခေါင်းမရှိတဲ့ ဘုရင့်သမီးတော်တစ်ပါးလိုပေါ့ ရှင်ဒီလောက်ချမ်းသာတာ ကားလေးဘာလေးပြောင်းမစီးတော့ဘူးလား မေးနေတော့တာပဲ။ သူတို့ဟာ သူဋ္ဌေးတစ်ယောက်ရဲ့ကတော်ဆိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေအဆက်မပြတ်လာမှာဖြစ်ပြီး အထက်တန်း လွှာလူ့မလိုင်ပတ်ဝန်းကျင်မှာ ဝင်ဆံ့ချင်ယုံရည်ရွယ်တယ်။ ဒီလိုအမျိုးသမီးတွေကို အလကားပေးလည်း ကျနော်မယူချင်ဘူး ရုပ်ဆိုးတယ်လို့ကျနော်ထင်လို့။
“အသွင်အပြင်အလှက အသက်အပိုင်းအခြားခဏလေးဖြစ်ပြီး အတွင်းသားအလှကတော့ အသက်အရွယ်ရ လာလေလေ တန်ဖိုးတက်လာလေလေ” ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ဒါကြောင့် ခဏလေးနဲ့တန်ဖိုးကျသွား မယ့်အရာတွေနဲ့ မနွယ်မိဖို့ရှောင်တာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုထွက်လာပါတယ်။ ကျနော့်မိန်းမ ပရက်စီလာ ချန်ကို ဘာလို့သဘောကျနှစ်ခြိုက်ရလဲ ဆိုတာပါ။
“အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာအမူအရာမှာ စိတ်နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုရှိတယ်” သူ့အပြုံးက ကျနော့်ကို အမြဲမှင်သက်စေတယ်။ ကိုယ်ဝန်ရတော့ ပရက်စီလာဟာ မျက်နှာပေါ်မှာရှုတ်ရှုတ်ယှက်ယှက်တွေတောင် မခြယ်တော့ဘူး။ အဝတ်အစားနဲ့အလှအပဆိုတာ ပဓါနမဟုတ်တော့ဘူး။ ဒါပေမယ့် သူ့ရဲ့အေးချမ်းပျော်ရွှင်မှုကို ကျနော်အပါအဝင် မြင်ရသူတိုင်းရရှိခံစားရတယ်ဗျာ။
ကျနော် သူ့ရိုးရှင်းမှုနဲ့ အသွင်အပြင်ကို သဘောကျတယ်။ သူ့မှာ စိတ်အားထက်သန်မှု ဥာဏ်ပညာ ရဲရင့်မှု ချစ်ခြင်းမေတ္တာ ခေါင်းဆောင်နိုင်မှုတွေ ရှိတဲ့အပြင် တခြားသူတွေကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။ သူရှိနေရင် တခြားအရာတွေပါ ကျနော်တန်ဖိုးထားတတ်လာသလို ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလည်းရစေတယ်လေ။
ပရက်စီလာဟာ ကျနော့်ကိုခုတုံးလုပ် ကြွားလုံးထုတ်မော်ကြွားမယ်လို့ တစ်ခါမှမခံစားမိဘူး။ ဥာဏ်ရည်ဥာဏ် သွေးမြင့်မားသလို စိတ်အရည်အသွေးလည်းမြင့်သူပါ။ သူက ဟားဗတ်တက္ကသိုလ်က ဆေးပညာနဲ့ဘွဲ့ရလာ သူဆိုတာလည်း လူကြီးမင်းတို့မေ့မထားသင့်ပါဘူး။ လူအတော်အများများ အဓိကယူကြတဲ့ ဆေး ဥပဒေ စီးပွားရေးဘာသာရပ်တွေနဲ့ လူကြီးမင်းဟာ တက္ကသိုလ်ဝင်ခွင့် ရနိုင်ပါတယ်။ ဝင်ခွင့်အောင်တယ်ဆိုရင်တောင် ထူးထူးချွန်ချွန်ဘွဲ့ရဖို့တော့ မလွယ်ဘူးလေ။ အဲ့ဒီတော့ ကိုယ်ရည်သွေးပြပါဆိုရင် ကျနော့်ထက် ပရက်စီယာကပိုတောင်သာနေတယ်မလား။
အိမ်ထောင်ရေးဆိုတာ ဖိနပ်တစ်ရံလိုပါ။ စီးတဲ့သူကလွဲ ဘယ်သူကများ စီးလို့ကောင်းမကောင်း သိဦးမှာလဲ။ သူသာ ကျနော့်အတွက်အသင့်တော်ဆုံးဖြစ်ပြီး သူသာကမ္ဘာပေါ်မှာ ကျနော့်ရဲ့အကောင်းဆုံးစံထားရမယ့် ဘက်ညီတဲ့တစ်ခြမ်းပါ။
ပရက်စီလာနဲ့စသိတာ ရေအိမ်အသွား လူအုပ်ကြားမှာပေါ့။ သူ့မျက်လုံးထဲမှာ ကျနော်ဟာ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်တဲ့ ကြောင်စီစီလူတစ်ယောက်ထက် မပိုဘူး။ အဲ့ဒီအခိုက်အတန့် ကျနော့်နှလုံးသားက ပြောလိုက်တယ် “ဒါ ငါ့ဘဝလက်တွဲဖေါ်” လို့ပေါ့။
လူကြီးမင်းရဲ့မျက်လုံးထဲမှာ ပရက်စီလာက မလှဘူးပေါ့။ ကျနော့်မျက်ဝန်းထဲတော့ ကျနော်နဲ့ရှေ့သွားနောက်လိုက် အညီဆုံး မိန်းမလှတစ်ယောက်ပါပဲ။ ကျနော်ကိုယ်တိုင် ပရက်စီလာနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတွေမှာ သဘာဝကျပြီးအေးချမ်းတဲ့ ပျော်ရွှင်မှုမျိူးပေါ်နေတာ ထိန်ချန်ထားလို့ကိုမရပါဘူး။
“ရိုးရှင်းမှုဟာ အလှတရားပါ”
မက်ဇူကာဘက် (“ဖေ့စ်ဘွက်”ထူထောင်သူ)”ဆိုပြီးတော့ ရေးသားထားပါတယ်။

ဒီပို့စ်ကို The Coverage Media အမည်နဲ့ လူမှုဘဝဆိုင်ရာ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကလည်း မတ် ၂၄ ရက်က မျှဝေခဲ့ဘူးတာတွေ့ရပါတယ်။
တကယ်ပဲ မာခ့်ဇူကာဘက်က ဒီလိုရေးသားမျှဝေခဲ့ဘူးပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Facebook မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “MY WIFE CHINA AND NOT PRETTY”ကို အသုံးပြုပြီး ရလဒ်တွေကို ရှာဖွေကြည့်ရာမှာ အောက်ပါတိုင်းတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မြန်မာဘာသာနဲ့ရေးသားထားတဲ့ ပို့စ်တွေကို အဓိကတွေ့ရပါတယ်။

သို့သော်လည်း source နေရာမှာ Mark Zuckerberg ကိုရွေးလိုက်မယ်ဆိုရင်တော့ ဒီလိုမျိုး အလားသဏ္ဌာန်တူစာ သားမျိုးမတွေ့ရှိရပါဘူး။ နှစ်အလိုက်၊ လအလိုက်၊ နေရာအလိုက်ရှာဖွေမယ်ဆိုရင်လည်း Mark Zuckerberg ဆိုတဲ့စာမျက်နှာက ရလာဒ်တစ်ခုတစ်လေမှ မတွေ့ရှိရတာတွေ့ရပါတယ်။

Google မှာ “MY WIFE CHINA AND NOT PRETTY”ဆိုပြီး အဓိကကျတဲ့ စကားလုံးတွေအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Techarp ကတော့ မာ့ခ်ဇူကာဘတ်က ဒီလို ဘယ်တုန်းက မှရေးသားခဲ့ခြင်းမရှိဘူးလို့ သုံးသပ်ထားပါတယ်။ အထူးသဖြင့် အင်္ဂလိပ်အသုံးအနှုန်းနဲ့ သဒ္ဒါအရ မာ့ခ်ဇူကာဘတ်ရဲ့ ရေးသားဟန်မဟုတ်ဘူးသလို သူ့အမျိုးသမီးက ပရက်စီလာချန် ဆေးကျောင်းတက်ခဲ့တာဟာ ဟားဗက်တက္ကသိုလ် မဟုတ်ဘဲ ကယ်လဖိုးနီးယား တက္ကသိုလ်ဖြစ်တာကိုလည်း ထောက်ပြထားပါတယ်။ မာ့ခ်ဇူကာဘက်ဟာ သူ့အမျိုးသမီးဘယ်ကျောင်းက ပြီးတယ်ဆိုတာကို မသိဘဲ မရှိဘူးလို့လည်း သုံးသပ်ထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ မာ့ခ်ဇူကာဘတ်ရဲ့ သူ့အမျိုးသမီးကို မလှမပတရုတ်မလို့ ပြောကြားချက်ကို တုန့်ပြန်ရေးသားချက်ဆိုတာဟာ အချက်အလက်အထောက်အထားမရှိပါဘူး။

Title:မာ့ခ်ဇူကာဘက်က သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့သလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False