
အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။
ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။
“တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း
————————————————————
၁၅ . ၁ . ၂၀၂၁
ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း)
10 း 00 AM
အကြောင်းအရာ ။ ။ ၂၀၂၀ ရွေးကောက်ပွဲ မဲ မသမာမှုများ
တိုင်း ဒေသကြီးအလိုက် ဖြစ်ပေါ်နေလျှက်ရှိသည်များကို စီစစ်
တွေ့ရှိနေရခြင်းဖြစ်နေသည့် အခြေအနေပေါ် မိမိတို့ပြည်သူများ
ရဲ့ တိုင်းပြည်နဲ့ ဥပဒေအပေါ်ယုံကြည်မှုအား အလွဲသုံးစားမဖြစ်
စေရေးအတွက် အစိုးရအနေဖြင့် အထက်ပါ အကြောင်းအရား
များကို သင့်တင့်လျောက်ပတ်စွာ ပြန်လည်ဖြေရှင်းခြင်းမပြုပဲ
အစိုးရဖွဲ့ခြင်း ၊ လွှတ်တော်ခေါ်ယူခြင်းများနှင့် ဥပဒေချိုးဖောက်
ခြင်းများအပေါ် တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်
ထုတ်ပြန် –
အထက်ပါ အကြောင်းအရာကိစ္စရပ်မျာနှင့်ပါတ်သတ်၍ ဥပဒေ
မလိုက်နာ မလေးစားပါက လိုအပ်သလို အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း –
အသိပေးအပ် –
တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း)
အမိန့်အမှတ် ၅ / ၂၀၂၁”လို့ရေးသားပြီး “ဖိုက်တာကြီး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ ၅၀၀ ဝန်းကျင်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကိုဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေထုတ်ပြန်နေတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုမျိုးထုတ်ပြန်ချက် တစ်စုံတစ်ရာမတွေ့ရပါဘူး။
ဒီလိုပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက Tomorrow သတင်းဌာနကို ပြောကြားထားတာတွေ့ရပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အမိန့်အမှတ် ၅/၂၀၂၁မှာ အတုဖြစ်ကြောင်းနဲ့ အခြေအမြစ်မရှိတဲ့ သတင်းတုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားတာတွေ့ရပါတယ်။
”ဒါဟာ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့အခြေအမြစ်မရှိတဲ့ သတင်းအတုပါ။ကျွန်တော် တို့ဆီက ဘာအမိန့်ထုတ်ပြန်ချက်မှမရှိပါဘူး”
မူရင်းလင်ခ့် – Tomorrow News Journal | Archive link
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ မှာကျင်းပပြီးစီးခဲ့သည့်တိုင်အောင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ လက်ရှိအာဏာရပါတီ၊ တပ်မတော်တို့နဲ့ ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ လုံခြုံရေးအပြည့်ချပြီး UEC ကို ရွေးကောက်ပွဲ မသမာမူအတွက် စစ်ဆေးနေပြီလို့ သတင်းမှား ဖြန့်ခဲ့တာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ပြောတယ်လို့ သတင်းတုဖြန့်ခဲ့တာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အမိန့်အမှတ် ၅/၂၀၂၁ နဲ့ အစိုးရမဖွဲ့ဖို့၊ လွှတ်တော်မခေါ်ဖို့ တားမြစ်တယ်ဆိုပြီး မျှဝေနေတဲ့ အကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False