
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ နန်းယွန်းမှာ NLD ပါတီက နာဂ လက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခုကို ၃ ရက်အတွင်း လူမှုကွန်ယက် အသုံးပြုသူ ၂၅၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။
ဒီဇင်ဘာ ၆ ရက်က Ye Myo Sitt အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ NLD ပါတီက လူထုကိုခြိမ်းခြောက်ပြီး မဲထည့်ခိုင်းဖို့အတွက် နာဂ လက်နက်ကိုင်အဖွဲ့ကို ငွေပေးခဲ့တယ်လို့ ရေးသားထားတာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌလည်းပါဝင်ပြီး ဒီသတင်းကို ရဲတပ်ဖွဲ့စုံစမ်းနေ တယ်လို့ ရေးသား မျှဝေထားတာဖြစ်ပါတယ်။
ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ဦးလော်ယုံနဲ့ ရဲတပ်ဖွဲ့အနေနဲ့လည်း ဒီသတင်းကို ငြင်းဆိုထားသလို သိရှိခြင်းလည်းမရှိပါဘူး။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
“နန်းယွန်းမြို့နယ်တွင် NLD နှင့် NSCN-K သောင်းကျန်းသူအဖွဲ့တို့ပေါင်း၍ မဲဝယ်ယူမှုရှိခဲ့ ထိရောက်စွာအရေးယူသင့်
===============================
*၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နန်းယွန်းမြို့နယ်အတွင်း ပြည်ခိုင်ဖြိုး ၊ NLD ၊
UBP နဲ့ ဒေသခံ နာဂအမျိုးသားပါတီတို့ အကြိတ်
အနယ် ယှဉ်ပြိုင် ခဲ့ကြပါတယ်။
* ဒီလိုယှဉ်ပြိုင်ခဲ့ရာမှာ NLD ပါတီမှ ပြည်သူ့လွှတ်
တော်မှာ ရမဲ ၃၀.၉၀ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၂)မှာ ရမဲ ၃၀.၇၉ ရာခိုင်နှုန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)မှာ ရမဲ ၂၉.၇၂ ရာ
ခိုင်နှုန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)မှာ ရမဲ ၃၂.၉၂ ရာခိုင်နှုန်းရရှိပြီး အနိုင်ရရှိခဲ့ပါတယ်။
*ဒီလိုအနိုင်ရရှိခဲ့ပေမဲ့ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုး
ပါတီနဲ့ မဲရလဒ်သိပ်မကွာတာ တွေ့ရှိရပြီး ပြည်သူ့လွှတ်တော်မှာ ရမဲ ၅ ရာခိုင်နှုန်းခန့်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၂)မှာ ရမဲ ၇ ရာခိုင်နှုန်းခန့်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)မှာ
ရမဲ ၄ ရာခိုင်နှုန်းခန့်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်
(၂)မှာ ရမဲ ၅ ရာခိုင်နှုန်းခန့် သာ ခြားနားခဲ့ကာ NLD
အနေနဲ့ ဒေသခံလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တစ်ခု ဖြစ်တဲ့ NSCN-K နဲ့ ပူးပေါင်းကာ ငွေကြေးပေး၍ မဲဝယ်ခဲ့တဲ့ဖြစ်စဉ်ကို နယ်မြေခံ ရဲစခန်းက စုံစမ်းရရှိ ခဲ့ပါတယ်။
*ဒီလိုမဲဝယ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် NSCN-K သောင်းကျန်းသူအဖွဲ့က ပြည်သူ လူထုကို ခြိမ်းခြောက်
ပြီး NLD ကို မဲပေးဖို့ စေခိုင်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး မဲဝယ်ယူမှုကို နောင်ယန်းကျေးရွာနေ ဦးညီအောင်း(NLD ၊ နန်းယွန်း EC)မှတစ်ဆင့် NSCN-K သောင်းကျန်းသူအဖွဲ့အား ချိတ်ဆက်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
*NSCN-K အဖွဲ့ဟာ NLDရွေးကောက်ပွဲအောင်နိုင်
ဖို့အတွက် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် သိန်း
၁၀၀ စီနှင့် ၄၀၀ သိန်း၊ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက်
၁၀၀ သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၅၀၀ တောင်းခံခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းမှ ဦးညီအောင်း(NLD၊ နန်းယွန်း EC)မှ
တစ်ဆင့် သိန်း ၁၀၀ အား ၂၆-၁၁-၂၀၂၀ ရက်တွင် ပေးအပ်ခဲ့ပါတယ်။
*NLD အနေနဲ့ နားလှည့်ပါးရိုက်ပြီး သိန်း ၅၀၀ တောင်းတာကို သိန်း ၁၀၀ ပဲ ပေးအပ်ခဲ့တဲ့အတွက်
NSCN-K အဖွဲ့မှ လုံးဝလက်ခံနိုင်မှုမရှိဘဲနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးမှာဖြစ်ကြောင်း ပြောကြား
ခဲ့ပြီး သိန်း ၁၀၀ ကို ပြန်ပေးခဲ့ပါတယ်။
*ဒါနဲ့ပဲ ညီအောင်းဟာ ဦးကေဆိုင်းစီပြန်သွားကာ အခြေနေအကျိုးအကြောင်း ရှင်းပြသည့်အတွက် ဦးကေဆိုင်းက သိန်း ၄၀၀ ပြန်ပေးပြီး NSCN-K အဖွဲ့ဆီကို ဦးညီအောင်းအား ၃၀-၁၁-၂၀၂၀ ရက်တွင် ပြန်လွှတ်လိုက်ပါတယ်။
*ဒီသိန်း ၄၀၀ ကိုတော့ NSCN-K အဖွဲ့က လက်ခံထားလိုက်ပြီး ဦးကေဆိုင်းကို သတင်းပေါက်ကြားမှုမရှိစေဖို့အတွက် သေချာရှင်းပြဖို့ပြောကာ ထပ်မံစေလွှတ် ခဲ့ပါတယ်။
*ဒီလိုရှုပ်ထွေးလှတဲ့ NLD ပါတီရဲ့ လက်နက်ကိုင်
အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး မဲဝယ် ယူမှုဖြစ်စဉ်ကို လဟယ်မြို့မှာရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး
ခိုင်သန်းမှ သတင်းရရှိခဲ့ပြီး အထက်ဌာနအဆင့်ဆင့်
ကိုလည်း တင်ပြထားပြီးဖြစ်ကြောင်း သိရှိရပြီး ရခိုင်လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်မှာလည်း မဲဝယ်မှုတွေနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။
*ဒါပေမဲ့ လက်ရှိအစိုးရဖြစ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ သူတို့ပါတီရဲ့ မဲမသမာမှုဖြစ်စဉ်ဖြစ်တ ဲ့အတွက် အရေးယူဆောင်ရွက်မှု အခုထက်ထိ ပြုလုပ်ခြင်း မရှိသေးတာ တွေ့ရမှာဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး ဥပဒေ အရ အရေးယူဆောင်ရွက်ပြီး UEC အနေနဲ့လည်း ရွေးကောက်ပွဲ ဥပဒေအရ ဆက်ပြီးအရေးယူသင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ”လို့ ရေးသားလျက် “Ye Myo Sitt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
နာဂဒေသ နန်းယွန်းမှာ ရွေးကောက်ပွဲကာလ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် နာဂလက်နက်ကိုင် အဖွဲ့ NSCN-K တို့ပေါင်း၍ မဲဝယ်၍ ခြိမ်းခြောက်မဲထည့်ခိုင်းသည်ဆိုသော သတင်းမှာ ကောလာဟလဖြစ်သည်ဟု နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းပြောကြားထားပါတယ်။ နန်းယွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ဦးလော်ယုံက မဟုတ်မမှန်နိုင်ငံရေးတိုက်ခိုက်မှုလို့ ပြောကြားထားသလို ရဲတပ်ဖွဲ့အနေနဲ့လည်း ဒီသတင်းကို မသိရှိသလို စုံစမ်းခြင်းလည်းမရှိကြောင်းပြောပါတယ်။ ဦးလော်ယုံဟာ တိုင်းဒေသကြီး လွှတ်တော် နန်းယွန်း မဲဆန္ဒနယ်(၂) ရွေးကောက်ခံကိုယ်စားလှယ်လည်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Monwyagazette | Archive link
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ဒေါက်တာမျိုးညွှန့်ကို Fact Crescendo Myanmar က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမှာ ဒီလိုဖြစ်စဉ်မျိုးရှိခဲ့ခြင်းရှိမရှိ ဆက်သွယ် အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။
“ကျွန်တော်တို့ဆီတော့ အဲဒါလုံးဝတက်မလာသေးဘူး။ တကယ်တမ်းတော့ ကျွန်တော်တို့ သိသရွေ့တော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေမှာ (သိန်း) ၅၀၀ ပေးနိုင်တဲ့ အဆင့်တော့မရှိပါဘူး။ ပုံမှန်အားဖြင့်ဆိုရင်တော့။ တကယ်လို့ လတ်တလော ဝင်ငွေရလမ်းမပြနိုင်ဘဲ ချမ်းသာလာရင် ကျွန်တော်တို့က ချက်ချင်းတောင် အရေးယူ တာ။ ဆိုတော့ မူလကိုယ်စားလှယ်လုပ်ကတည်းက ဘာပစ္စည်းတွေပိုင်ပါတယ်ဆိုတာ စည်းမျည်းရှိတယ်၊ တောင်း ထားတာလေ။ အဲလိုသာ တကယ်တမ်း သိန်း ၅၀၀ ပေးနိုင်တယ်ဆိုသူ့မှာ ပိုင်ဆိုင်မှုတွေက (သိန်း)တစ်ထောင် လောက် တိုးပွားလာလို့သာပေးနိုင်တာပေါ့။ ဒါဆိုရင် ကျွန်တော်တို့ ဒါနဲ့တင် အရေးယူလို့ရပါတယ်။ ကျွန်တော်တို့ ဆီကို ဒီသတင်းလည်းမရောက်ဘူး၊ ဒီဟာက ယုတ္တိလည်းမရှိဘူးလို့ပြောပါရစေ”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နာဂဒေသ နန်းယွန်းမှာ ရွေးကောက်ပွဲကာလ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် နာဂလက်နက်ကိုင် အဖွဲ့ NSCN-K တို့ပေါင်းပြီး ခြိမ်းခြောက်မဲထည့်ခိုင်းတယ်ဆိုတဲ့ အချက်အလက် ဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။

Title:နန်းယွန်းမှာ NLD ပါတီက နာဂလက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ခြိမ်းခြောက် မဲထည့်ခိုင်းလို့ မဲနိုင်တယ်လို့ သတင်းမှား
Fact Check By: Nayar MaungResult: False