
ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။
သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။
“ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့ …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ ကိုဗစ်လူနာတွေရဲ့ မြင်ကွင်းလေး”ဆိုပြီးတော့ ကုတင်မလုံလောက်လို့ ကိုဗစ်လူနာတွေကို ကုသနေရပုံအဖြစ် ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူမျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီလူနာတွေပါတဲ့ဓာတ်ပုံကို မြောက်ဉက္ကလာပဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူကလည်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အခုလိုသတင်းမှားပျံ့နှံ့လာပြီးနောက်မှာ ပြန်လည်ရှင်းတဲ့အနေနဲ့ ဒီဓာတ်ပုံကို ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး မျှဝေထားတဲ့ပို့စ်ထဲက ကောက်နှုတ်ချက်ဖော်ပြရရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။
“တစ်ဆေးရုံလုံးရဲ့ သံသယလူနာတွေ နေရာချထားဖို့ ကုတင်မရသေးခင် လိုအပ်နေချိန် အရေးပေါ်သို့ လူနာရောက် လာတယ် သွေးစစ် ဓာတ်မှန်ရိုက် အဖြေစောင့် ဆေးရုံတင်ဖို့လိုပေမယ့် ကုတင်မရသေးလျှင် သက်တောင့်သက်သာ ဖြစ်အောင်အရင် ချပေးထားတဲ့ခုံတွေထက် လူနာတွေ Dream Bedကဲသို့ လှဲလို့ရအောင် အခုလို ခုံမျိုးနဲ့ အောက်စီဂျင် ရေ ထမင်း မုန့် အစရှိသဖြင့် အလှူရှင်များလှူဒါန်းမှုကို မျှဝေပေးကြပါတယ်”
မူရင်းလင့်ခ် – Win Thandar Phyu | Archive link
အထက်ပါအချက်အလက်အရ ဒီဓာတ်ပုံဟာ ရန်ကုန်ဆေးရုံကြီးက မဟုတ်တာတွေ့ရပါတယ်။ အလားတူ COVID-19 အတည်ပြုပြီးလူနာတွေဖြစ်တယ်ဆိုတဲ့အထောက်အထားလည်းမရှိပါဘူး။
“ရန်ကုန်ဆေးရုံကြီး”၊ “covid-19 ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန” စတဲ့ အဓိကကျတဲ့စကားလုံးအချို့ အသုံးပြုရှာဖွေရာမှာ အခြားသောသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ အခုလိုမျိုး COVID-19 လူနာတွေ တက်ရောက်ကုသဖို့အတွက် နေရာမရှိ လောက်အောင်ပြတ်လပ်နေတယ်ဆိုတဲ့ သတင်းမျိုး မတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ COVID-19 လူနာတွေကို ကုသနေပုံအဖြစ် မျှဝေနေတဲ့သတင်းဖော်ပြချက်နဲ့ ဓာတ်ပုံဟာမှန်ကန်မှု မရှိတာတွေ့ရပါတယ်။

Title:ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ
Fact Check By: Nayar MaungResult: False