
COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ဖို့အတွက် အရေးကြီးကာလဖြစ်တဲ့ သင်္ကြန်ရုံးပိတ်ရက် အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်မှာ ကြေညာခဲ့ပြီး ဧပြီ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝေပေးခဲ့တာရှိပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက သူ့ကိုသူ “ငစိုင်း”လို့ ခေါ်တဲ့ ပုဂ္ဂိုလ်က ဖေ့စ်ဘွတ်မှာ live လွှင့်ပြီး ၃၁ မိနစ်ကျော်ကြာ အခုလို အခြေခံလူတန်းစားတွေကို ရိက္ခာဝေမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ Live ဗွီဒီယိုထဲက ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်အတွက် အမေရိကန်ကနေ ၁၇၆ သန်း ကိုပဲ တွက်ပြမယ်။ တစ်ဒေါ်လာ ၁၄၀၀ နှုန်းနဲ့ပဲတွက် အမေရိကန်ကနေပြီးတော့ ၁၇၆ သန်း ကိုရိုနာဗိုင်းရပ်စ်အတွက်လှူခဲ့တဲ့အတွက်ကြောင့် ၁၄၀၀ ကိုမြှောက် ၅၁ သန်းနဲ့ စားကြည့်စမ်း။ ပြည်သူတွေကို ၅၁ သန်းနဲ့ စားကြည့် လူတစ်ဉီးကို ၄ သိန်းခွဲနှုန်းနဲ့ ရတယ်။ သိပြီလား။ ဒါအမေရိကန်က လှူတဲ့ ၁၇၆ သန်းကိုပဲတွက်တာနော်။ ကျန်တာမပါသေးဘူး။ ၁၄၀၀ နဲ့မြှောက် ၅၁ သန်းနဲ့စား လူတစ်ဉီးကို ၄ သိန်းခွဲရမယ်။ အိမ်ထောင်စုတော့ မပြောသေးဘူး။ တစ်အိမ်ထောင်စုမပြောသေးဘူးနော်။ အခုတစ်အိမ်ထောင်စုကို ၂ သောင်း မြန်မာငွေ ၂ သောင်နီးပါလောက်အလှူငွေလေး လှူမှာတောင် စောက်ပြဿနာတွေ တက်နေကြတယ်”
အမေရိကန်က မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်အတွက် သီးသန့်ပဲ အမေရိကန်ဒေါ်လာ ၁၇၆ သန်းလှူခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “အမေရိကန် မြန်မာ ကိုရိုနာဗိုင်းရပ်စ် ၁၇၆ သန်း ကူညီ” ဆိုပြီး ရိုက်ရှာရာမှာ ၁၇၆ သန်းအကူအညီပေးခဲ့တဲ့ဆိုတဲ့ သတင်းမတွေ့ရှိရပါဘူး။
Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “us aid myanmar $176 millions for covid-19”ဆိုပြီး ရိုက်ရှာရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
အမေရိကန်သံရုံးက COVID-19 နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ထောက် ပံ့ကြောင်း မတ် ၁၈ ရက်က ကြေညာခဲ့တာတွေ့ရပါတယ်။ ဒီအထောက်အပံ့တွေဟာ အစိုးရကို တိုက်ရိုက် ထောက်ပံ့တာမဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့အခြားသော အစိုးရမဟုတ်သောအဖွဲ့အစည်းတွေက တစ်ဆင့်ထောက်ပံ့တာဖြစ်ပါတယ်။ အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အမေရိကန်က ကမ္ဘာတစ်လွှားမှာ ပေးအပ်ခဲ့ပြီးဖြစ်တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီ စုစုဖော်ပြထားတဲ့ အချက်အလက်တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီအချက်အလက်တွေထဲမှာ မြန်မာ နိုင်ငံ ကျန်းမာရေးကဏ္ဏအတွက် ပြီးခဲ့တဲ့ ၂၀ နှစ်အတွင်းမှာ ဒေါ်လာ ၁၇၆ သန်း အကူအညီပေးခဲ့တယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်အရ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်အတွက် ဒေါ်လာ ၁၇၆ သန်းလှူတယ်ဆိုတဲ့အထောက်အထားမတွေ့ရှိရတဲ့အတွက် အချက်အလက်မှားသာဖြစ်ပါတယ်။

Title:အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်အတွက် ဒေါ်လာ ၁၇၆ သန်းလှူခဲ့တယ်ဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False