
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)က မဲစာရွက်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားလှယ်လောင်းကို ရည်ရွယ်ချက်ရှိရှိ မဲစာရွက်တွေမှာ ချန်လှပ်ခဲ့တယ်လို့ ရေးသားပြီး လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂) ရဲ့ မဲစာရွက်တစ်ခုရဲ့ ဓာတ်ပုံနဲ့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နဲ့ အစိုးရရဲ့ ပူးပေါင်းကြံစည်ပြီး USDP ကိုယ်စားလှယ်လောင်းကို မဲစာရွက်တွေမှာ တမင်ချန်လှပ်ခဲ့တယ်လို့ မျှဝေနေတာဖြစ်ပါတယ်။
ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လှိုင်သာယာအရှေ့ပိုင်း မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာ Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ခိုင်ဖြိုး လိုဂို မပါသော မဲ လက်မှတ်တွေ ဟာ သန်းချီ ရှိနေပါတယ် တဲ့ UEC နဲ့ အစိုးရ ပူပေါင်း ကြိုတင် ကြံစည်တဲ့မဲ မသမာ မှု့ ထဲ က တခု”လို့ရေးသားပြီး “တော တောသားလေး”အမည်နဲ့အသုံးပြုသူက အောက်ပါအတိုင်း မျှဝေနေထားပါတယ်။ ဒီနေရာ၊ဒီနေရာ မှာ ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံဒေသအသီးသီးက ပါတီအသီးသီးရဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားတာကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
ဒီစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)မှာ USDP ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာတွေ့ရပါတယ်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)က မဲစာရွက်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်လောင်းအမည်စာရင်းမပါတာဟာ လူမှုကွန်ယက်မှာဖြန့်ဝေခဲ့သလို မှားယွင်းမှုဟုတ် မဟုတ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးရဲကျော်သူ Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။
“အဲဒါကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲမကျင်းပခင်မှာ ကျွန်တော်တို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က နေပြီးတော့ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ကြေညာရတယ်။ လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းကို ပုံစံ ၁၀ နဲ့ ၁၀(က)မှာ ကြေညာပေးရတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှာ သူ့တို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်း ကြေညာတဲ့အထဲမှာမပါဘူး။ ကိုယ်စားလှယ်လောင်းတွေအမည်စာရင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က နေစိစစ်ရတယ်။ စိစစ်ပြီးပြီဆိုတော့မှ အရည်အချင်းကိုက်ညီတဲ့သူတွေကိုပဲ ပုံစံ ၁၀၊ ၁၀(က)နဲ့ ကြေညာတာ။ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေမှာလည်း ကြေညာတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် ရုံးတွေမှာလည်း ကြေညာတယ်”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)က မဲစာရွက်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားလှယ်လောင်းကို မဲစာရွက်တွေမှာ မှားယွင်း ချန်လှပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ မှားယွင်းတာတွေ့ရပါတယ်။

Title:လှိုင်သာယာ(အရှေ့ပိုင်း)က မဲစာရွက်တွေမှာ USDP ကိုယ်စားလှယ်လောင်းအမည်စာရင်း တမင်ချန်ခဲ့တယ်လို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False