
စစ်တပ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ လူတွေက ထောင်ကလွတ်လာပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာပါစေလိုဆုတောင်းပေးခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ လည်ကတုံးအင်္ကျီအဖြူဝတ်အမျိုးသားတစ်ယောက်ကို ပွေ့ဖက်နေ တဲ့မြင်ကွင်းများ၊လွတ်မြောက်လာသူတစ်ဦးက အင်တာဗျူးဖြေနေပုံနဲ့ လာရောက်ဝန်းရံသူအချို့က “ကာချုပ်ကြီးကျန်းမာပါစေ”ပါစေလို့လည်း အော်ဟစ်မှုစတာတွေပါဝင်ပါတယ်။
ဒီလိုပြောဆိုချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ်က အာဏာရယူအပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စစ်တပ်ကို ထောက်ခံသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့အဖမ်းရသူ အများစု ပါဝင်တဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။
ဒီလိုအခြေအနေမှာ “Thar Wa” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “”ကာချုပ်ကြီး ကျန်းမာပါစေ” ဆိုတဲ့စကားသံကို အာဏာထိန်းလို့ တော်လှန်မယ် ဆိုတဲ့သူတွေက ပြိုင်တူအော်နေတာဆိုတော့လဲ စိတ်စေတနာ အမှန်ဆိုရင်ဒီထက်အကျိုးဖြစ်ထွန်းလာတော့မှာအမှန်ပါပဲဗျာ ZMH”လို့ ရေးသားပြီး ဇွန် ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင်ရှိပါတယ်။ အလားတူ ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကျတဲ့ စကားလုံးတွေအသုံးပြုပြီး ဗွီဒီယိုဖိုကို ရှာဖွေကြည့်ရာမှာ ဖေဖော်ဝါရီ ၁၂ ရက်က Frontier Myanmar- Burmese”သတင်းဌာနကတင်ထားတဲ့ ဗွီဒီယိုမှာမြင်ကွင်းဖြစ်စဉ်နဲ့ တူညီတာကို တွေ့ရပါတယ်။
ဒီဗွီဒီယိုရဲ့ အပေါ်မှာ စာသားများအဖြစ် “ဦးကြည်လင်းကို ထောက်ခံပြီး “ထမင်းဝအောင်စားထား”စာသား ပါသည့် တီရှပ်များ ဝတ်ဆင်ခဲ့သူ လေးဦးလုံး ယနေ့၊ စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။
၎င်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)ဖြင့် ၂၀၂၀၊ ဒီဇင်ဘာ ၁၅ရက်တွင် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ တရားရုံးက ချမှတ်ခဲ့သည်။”လို့ Frontier Myanmar ကရေးသားပါတယ်။
ကြည်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရတဲ့ ရှေ့နေဦးကိုနီကို ရန်ကုန် လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံခဲ့သူဖြစ်ပါတယ်။ ၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်ရာ ကြည်လင်းကို မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်ခံရပြီး အငှားယာဉ်မောင်း ကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ် နှစ် ၂ဝ၊ လက်နက်မှုအတွက် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခံရပါတယ်။
မူရင်းလင်ခ့် – Frontier Myanmar | Archive link
ဒီဗွီဒီယိုထဲက လည်ကတုံးအင်္ကျီအဖြူဝတ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျန်းမာပါစေလို့ ဆုတောင်းပေးသူဟာ ကြည်လင်းကိုထောက်ခံပြီး “ ထမင်းဝအောင်စားထား”စားသားပါ တီရှပ်ဝတ်ဆင်ခဲ့သူ လေးဦးထဲက တစ်ဦးဖြစ်တဲ့ မြတ်ဘုန်းမိုရ်ဆိုသူ ပြောကြားချက်ဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မျှဝေထားတဲ့ ဗွီဒီယိုဟာ ဖေဖော်ဝါရီလအတွင်းက ပြန်လည်လွတ်မြောက် လာတဲ့ ကြည်လင်းကိုထောက်ခံပြီး “ ထမင်းဝအောင်စားထား” စားသားပါ တီရှပ်ဝတ်ဆင်ခဲ့သူရဲ့ ပြောဆိုချက်ဗွီဒီယိုဖြစ်ပါတယ်။

Title:စစ်အာဏာသိမ်း ဆန့်ကျင်ခဲ့တဲ့သူတွေက ကာချုပ်ကို ဆုတောင်းပေးခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False