Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်တဲ့ AI ပြုလုပ်ချက် ဓာတ်ပုံတွေ ဖြစ်တယ် 

False လူမှုရေး

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလဲကြောင်း စစ်တပ်အသွင်ပြောင်း အစိုးရက ကြေညာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အရာရှိတွေအကြား တွေ့ဆုံမှု စောင့်ကြည့်ကင်မရာကတဆင့် မြင်ရတဲ့ မှတ်တမ်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ ခေါ်ထုတ်လာဟန် ဓာတ်ပုံတွေ နောက်ဆက်တွဲအနေနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။  ဓာတ်ပုံတွေဟာ ဉာဏ်ရည်တု(Artificial Intelligence-IA)နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တာ တွေ့ရပါတယ်။  

စစ်အသွင်းပြောင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်ကနေ ပြစ်ဒဏ်တွေ ကျခံရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသွင်ပြောင်းအစိုးရအရာရှိတွေ တွေ့ဆုံစကားပြောတဲ့ ဓာတ်ပုံတပုံလည်း ထုတ်ပြန်ခဲ့ပါတယ်။  ‌ 

အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ‌လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အသွင်းပြောင်း အစိုးရ အရာရှိတွေအကြား တွေ့ဆုံမှု CCTV မြင်ကွင်း ဓာတ်ပုံလို့ ဆိုထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်တယ်။ 

Original link | Archive link

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်တံခါးဝက အထွက် မှတ်တမ်းဓာတ်ပုံ အဖြစ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို  အောက်မှာ ကြည့်ပါ။ မူရင်းလင့်ခ်ကို ဒီနေရာမှာကြည့်ပါ။

ဒီလိုပဲ ဦးဝင်းမြင့်ကို စစ်တပ်အစိုးရက လွှတ်ပေးအပြီးမှာ ဦးဝင်းမြင့်ကို ထောင်အရာရှိတွေက ခေါ်ထုတ်လာတဲ့ ဓာတ်ပုံအဖြစ် ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ 

အချက်အလက်စိစစ်ချက်

ပထမဆုံး ဓာတ်ပုံဖြစ်တဲ့ လုံခြုံရေးကင်မရာကတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဘက်နဲ့ ရဲဘက်အရာရှိ ၃ ဦးတို့ တွေ့ဆုံစကားပြောနေပုံရတဲ့ ဓာတ်ပုံဟာ အသွင်ပြောင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံကို အခြေခံပြီး ဉာဏ်ရည်တုနည်းပညာ အသုံးပြုဖန်တီးထားတာတွေ့ရတယ်။

ဧရာဝတီသတင်းဌာနက ရရှိခဲ့တဲ့ မူလမြင်ကွင်းဓာတ်ပုံလို့ ယူဆရတဲ့ ဓာတ်ပုံမှာ ရဲဗိုလ်ချုပ်မျိုးမင်းထိုက်ဟာ ရဲဘက်ဝတ်စုံ ဝတ်ဆင်ထားတာတွေ့ရတယ်။ CCTV မှတ်တမ်းလို့ဆိုထားတဲ့ ဓာတ်ပုံထဲမှာပေါ့ ရဲဗိုလ်ချုပ်မျိုးမင်းထိုက်ဟာ အရပ်ဝတ်နဲ့ ဖြစ်နေတာတွေ့ရတယ်။ 

နောက်ထပ် ဓာတ်ပုံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တံခါးဝက အထွက် ဓာတ်ပုံဟာလည်း ဒီလို ထုတ်ပြန်ထားတဲ့ ဓာတ်ပုံကိုပဲ အခြေခံပြီး AI နဲ့ ဖန်တီးခဲ့တာတွေ့ရတယ်။ ဥပမာအားဖြင့် ရဲမေတဦးခြံရံပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်တပ်ရပ်နေပြီး ထောင်တံခါးဝက ထွက်လာဟန် AI က ဖန်တီးထားပေမဲ့ မူလဓာတ်ပုံပါ ဒေါ်အောင်ဆန်းစုကြည်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ စစ်ယူနီဖောင်းဝတ်အရာရှိနဲ့ ရဲအရာရှိရဲ့ ကိုယ်တခြမ်းစီ မြင်ကွင်းမှာပါဝင်နေသလို သံတိုင်နောက်က ရဲအရာရှိရဲ့ ယူနီဖောင်းရဲ့ ညာဖက်ဖောင်းလိုင်းမှာ အပွင့်အခက်တွေ မပါဝင်ဘဲ ပြောင်ဖြစ်နေတာ၊ သံတိုင်ကို ကိုင်ထားတဲ့ လက်မှာ လက်ချောင်းတချောင်း ပျောက်နေတာ စတဲ့ ချွတ်ယွင်းချက်အချို့လည်း ဒီဓာတ်ပုံမှာ မြင်တွေ့နိုင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တခြားသော AI လုပ်ဆောင်ချက်တွေနဲ့ ပျံ့နှံ့ခဲ့တာတွေလည်းရှိခဲ့ပြီး လူမှုကွန်ယက် အသုံးပြုသူတဦးက စုစည်းဖော်ပြထားပြီး AI အဖြစ် အကဲဖြတ်ထားတဲ့ အကဲဖြတ်ချက်ပို့စ်တခုကို ဒီလင့်ခ်မှာ ကြည့်ပါ။

သမ္မတဦးဝင်းမြင့် ထောင်ကလွတ်လာတဲ့ ဓာတ်ပုံဟာလည်း မူလကဓာတ်ပုံဖြစ်တဲ့ ဧပြီ ၁၇ ရက်(မြန်မာနှစ်ဆန်း ၁ရက်)မှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ မိသားစုနဲ့ မှတ်တမ်းဓာတ်ပုံကို အသုံးပြုပြီး AI နဲ့ ပြုလုပ်ထားတဲ့ ဖန်တီးမှုတခုသာဖြစ်တာတွေ့ရပါတယ်။ 

ဒီဓာတ်ပုံပါ ဦးဝင်းမြင့်ရဲ့ အဝတ်အစားနဲ့ ဟန်ပန်ကို အသုံးပြုပြီး AI က စိတ်ကူးပုံဖော်ဖန်တီးထားခြင်း ဖြစ်တာတွေ့ရပြီး ဂျန်မနိုင်း(Gemini)ကို အသုံးပြုပြီး ဖန်တီးထားနိုင်ခြေ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိတယ်လို့ AI နဲ့ဖန်တီးတဲ့ ဓာတ်ပုံကိုတွေကို စိစစ်နိုင်တဲ့ hivemoderation က ဖော်ပြပါတယ်။

သုံးသပ်ချက်

‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ကထွက်လာတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ မူလဓာတ်ပုံတွေကို အသုံးပြုကာ ဉာဏ်ရည်တု နည်းပညာနဲ့ဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အရာရှိ၊ ရဲအရာရှိတွေ တွေ့ဆုံမှုကို စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံဟာလည်း ဒီလိုဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။

Result Stamp

Title: Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်တဲ့ AI ပြုလုပ်ချက် ဓာတ်ပုံတွေ ဖြစ်တယ် 

Written By: နေရာမောင်

Result: False