Fact Check: PDF ကို ကား၊တိုက်ခန်းနဲ့ အခမဲ့ပညာရေးပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းတုသတင်းမှား

Partly False နိုင်ငံရေး | Politics

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအလင်းဝင်ရောက်လာရင် ကားနဲ့တိုက်ခန်းပေးမှာဖြစ်သလို ပညာသင်ကြား ခွင့်အခမဲ့ပေးမယ်လို့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ သတင်းတွေဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“PDF တွေကို မတိုက်ခိုက်တော့ဘူးလို့ မအလ တောင်းပန်နေ”လို့ ရေးသားပြီး “News khit” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံစာသား ထဲမှာလည်း “ကြောက်ကြောက်နဲ့ပြောပြီ ၁၂ ရက်နေ့ အာဏာသိမ်းတာ မရယ်ရွယ်ခဲ့ဘူးတဲ့ PDF တွေ ပြန်လာရင် ကားနဲ့ တိုက်ခန်းပေးမယ် ပညာသင်ခွင့် အခမဲ့ဖြစ်သည်ဟု မအလ ကြေညာ”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

 PDF တွေကို အကြမ်းဖက်အဖြစ်ကြေညာကာ အမြစ်ပြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ကပြောကြားခဲ့ပြီး ၃ လ ဝန်းကျင်မှာပဲ PDF အဖွဲ့တွေလက်နက်ချအလင်းဝင်ဖို့အတွက်စစ်တပ်ကဖိတ်ခေါ်ခဲ့တာတွေ့ရပါတယ်။

ဒီလိုထုတ်ပြန်ချက်ဟာ စစ်တပ်ဘက်က နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပြီး ထပ်မံထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ စစ်တပ်က တော်လှန်ပုန်ကန်နေတဲ့အင်အားစုတွေကို စီးပွားရေးမက်လုံးပေးပြီး ငြိမ်းရေးချမ်းနဲ့လဲလှယ်တာမျိုးတွေရှိပါတယ်။

ယခုဖြန့်ချိနေတဲ့ဗွီဒီယိုမှာ မြဝတီကထုတ်လွှင့်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို အသုံးပြုပြီး ဗွီဒီယိုအစ thumb nail ဓာတ်ပုံထဲမှာ “ကြောက်ကြောက်နဲ့ပြောပြီ ၁၂ ရက်နေ့ အာဏာသိမ်းတာ မရယ်ရွယ်ခဲ့ ဘူးတဲ့ PDF တွေ ပြန်လာရင် ကားနဲ့ တိုက်ခန်းပေးမယ် ပညာသင်ခွင့် အခမဲ့ဖြစ်သည်ဟု မအလ ကြေညာ”လို့ ရေးသားထားပေမဲ့ တကယ်တမ်း ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းလည်းမရှိပါဘူး။ 

ဗွီဒီယိုထဲကအသံဖိုင်ထဲက ရွတ်ဖတ်နေတဲ့ အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရေးသားတဲ့ အတွေးအမြင် သတင်းဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ မဇ္ဈိမသတင်းဌာနက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာဖော်ပြခဲ့တဲ့ “မြန်မာ့အရေးတွင် အဖြေရရှိရေး အာဆီယံခေါင်းဆောင်များ လုံးပမ်း”ဆိုတဲ့ ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို မှီငြမ်းထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ဒီဗွီဒီယိုပါအကြောင်းအရာတွေက တော့ Khit Thit Media မှာ နိုဝင်ဘာ ၁၂ ရက်ကဖော်ပြခဲ့တဲ့ “ရခိုင်ပြည်တွင် သက်ကြီးပိုင်းများ အပါအဝင် ပြည်သူ ကို သတ်ဖြတ်နေသည့် ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀  အပါအဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေမည်ဟု AA က ကြေညာ”နဲ့ ယင်းနေ့မှာပဲ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ “မြန်မာ့အခြေအနေ အင်ဒို နဲ့ ကုလ ရှုတ်ချ”ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုရဲ့ အစ thumbnail ဓာတ်ပုံနဲ့ ပို့စ်စာသားမှာ စစ်ခေါင်းဆောင်က PDF တွေကို အခမဲ့ပညာသင်ကြားခွင့်၊ တိုက်နဲ့ ကားပေးမယ်ဆိုပြီးစည်းရုံးနေဟန်ရေးသားချက်ဟာ သတင်းခေါင်းစဉ်အတုဖြစ်ပြီး လူမှုကွန်ယက် အသုံးပြသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ နိုဝင်ဘာ ၁၂ ရက်က ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ရေပန်းစားခဲ့တဲ့ သတင်းတွေနဲ့ အာဆီယံနဲ့ ပတ်သက်တဲ့ အတွေးအမြင်ဆောင်းပါးတွေ ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF ကို ကား၊တိုက်ခန်းနဲ့ အခမဲ့ပညာရေးပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *