
ကုန်ဈေးနှုန်းများတက်လာခြင်းနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် NUG အတွက် အလှူငွေဖို့ရဖို့ခက်ခဲ နေပြီး ဒေါက်တာဆာဆာကလည်း နိုင်ငံတကာက အထောက်အပံ့တစ်ပြားတစ်ချပ်မှ မရဘူးလို့ဖွင့်ဟလာတယ် ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ဩဂုတ် ၁၂ ရက်က “အောင်စစ်သည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသား မျှဝေထားတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅၂၀ ရှိထားသလို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း ပြန်လည်ကူးယူးဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။
“ရော့… အဲ့မှာ တစ်ကွက်
ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ
နေပြည်တော်
ဩဂုတ် ၁၂၊ ၂၀၂၂
နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက “ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး” ဟု မနေ့က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။
သူတို့အသိ နောက်ကျသွားလေပြီ။ မုဆိုးကောင်းတို့မည်သည်မှာ သားကောင်ကို မိမိထောင်ချောက်အတွင်း သက်ဆင်းမိစေရန် စနစ်တကျ ကျုံးသွင်းတတ်သည်မဟုတ်ပါလော။”

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံမှာ ဒေါ်လာဈေး၊စက်သုံးဆီဈေးနှုန်းအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှား ပါးမှုကြောင့် အထွေထွေ အကြပ်အတည်းဖြစ်နေတာတွေ့ရပါတယ်။ စားသောက်ကုန်ဈေးနှုန်း တွေမြင့်တက်လာမှု ကြောင့် အကြပ်အတည်းတွေ့နေရတဲ့သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့နိုင်ပါတယ်။
သို့သော်လည်း “နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများ ကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။”လို့ရေးသားချက်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဟာ ပြည်တွင်းပြည်ပက ထည့်ဝင်ငွေတွေရဲ့ ရပ်တည်နေရတာတော့ တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။ သို့သော်လည်း သူတို့ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဒီလိုမျိုး ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ဘဏ္ဏာရေးအကြပ်အတည်းဖြစ်နေတယ်ဆိုတဲ့ ရေးသားပြောဆိုချက်မျိုးတော့ မတွေ့ရပါဘူး။ တော်လှန်ရေးရန်ပုံငွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဩဂုတ် ၅ ရက်နေ့ကစတင်ရောင်းချခဲ့ရာမှာ ၉ ရက်အတွင်း ဒေါ်လာ ၁ သန်းရထားတယ်လို့ NUG ကကြေညာ ထားပါတယ်။
ထို့အပြင် “ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက “ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး” ဟု မနေ့က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။”ဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ ရေးသားချက်ကို စိစစ်ကြည့်ရာမှာလည်း ဒေါက်တာဆာဆာက အဲဒီလိုရေးသားခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာရဲ့ တွစ်တာကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဩဂုတ် ၁၀ ရက်ကနေ ဩဂုတ် ၁၅ ရက်ကြားမှာ အောက်ပါအတိုင်း တွစ်တာမှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဒေါက်တာဆာဆာရဲ့ တွစ်တာစာမျက်နှာဖော်ပြသမျှကိုလေ့လာကြည့်မယ်ဆိုရင် ကုန်ဈေးနှုန်း၊ ရန်ပုံငွေစတာတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဖော်ပြချက်မတွေ့ရသလို ပြောကြားလေ့လည်း မရှိပါဘူး။

သုံးသပ်ချက်
မြန်မာနိုင်ငံမှာ အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် အထွေထွေ အကြပ်အတည်း ဖြစ်နေတာမှန်ပါတယ်။ ဒီလိုကုန်ဈေးနှုန်းမြင့်တက်ပြီး နေ့စဉ်လူမှုဘဝတွေအတွက် ရုန်းကန်နေကြရတာကြောင့် အခြားသော NUG ကိုထောက်ပံ့ရေးကိစ္စတွေကိုစိတ်မဝင်းစားနိုင်တော့ဘူးဆိုတဲ့ အချက်အလက်ဟာလည်း ယေဘုယျမှန်ကန်နိုင်ပါတယ်။ သို့သော်လည်း ြည်တွင်းက အထောက်အပံ့မရသလို အမေရိကန်အပါအဝင် နိုင်ငံတကာကနေပြီးတော့လည်း ဒီနေ့အထိ အထောက်အပံမရသေးဘူးဆိုတဲ့ ဒေါက်တာဆာဆာက ပြောဆိုခဲ့ခြင်းမရှိပါဘူး။

Title:Fact Check: ကုန်ဈေးနှုန်းတက်လို့ အလှူငွေမရတော့ဘူးလို့ ဒေါက်တာဆာဆာပြော ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: Misleading