Fact Check: မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်မှား

False နိုင်ငံရေး | Politics

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေနုတ်ထွက်သွားတယ်လို့ရေးသားလျှက် ဗွီဒီယို ပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အောက်တိုဘာ ၃၀ ရက်က ဖြန့်ဝေလာတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲ စေနိုင်တဲ့ ခေါင်းစဉ်တုခေါင်းစဉ်မှားပေးပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။

“မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်”လို့ ရေးသားပြီး “Foodella” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေဓာတ်ပုံနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ” လို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပို့စ်စာသားနေရာမှာ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်”လို့ ရေးသားထားသလို ဗွီဒီယို ရုပ်သေဓာတ်ပုံစာသားနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦး ကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ”စသည်ဖြင့်ရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုထဲက အသံဖိုင်မှာ ဖတ်ကြားနေတဲ့ သတင်းတွေဟာ မင်းအောင်လှိုင် နုတ်ထွက်တဲ့အကြောင်း တစ်စုံတစ်ရာ မပါဝင်ပါဘူး။

တကယ်တော့ ဗွီဒီယိုအသံဖိုင်မှာ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Khit Thit Media က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်းတွေထဲက “ငါ့သရောက်မြို့ ရဲစခန်း တိုက်ခိုက်ခံရပြီး စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦးသေဆုံးကာ လက်နက် ၇ လက်ပါသွား၊ ရင်ခွဲရုံသို့ ရဲ ၁၁ ဦး အပါအဝင် အ လောင်း ၁၂ ခု ရောက်ရှိ”၊ “လှိုင်၊ မရမ်းကုန်းနှင့် လှိုင်သာယာ မြို့နယ်တို့တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထွက်ပေါ်”၊ ဒါရိုက်တာကိုပေါက်ရဲ့ “မသောက်မိသောမိုးခါးရေ”တော်လှန်ရေးဇာတ်ကား မလေးရှားနိုင်ငံ နီလန်းမြို့မှာ ကြိတ်ကြိတ်တိုးအား ပေးခဲ့ကြတဲ့အကြောင်းရေးသားထားတဲ့အတွေးအမြင်ဆောင်းပါတစ်ပုဒ်ကို ဖတ်ကြားနေတာဖြစ်ပါတယ်။

သုံးသပ်ချက်

သတင်းခေါင်းစဉ်နေရာမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေ ရုတ်တရက် နုတ်ထွက်သွားပြီလို့ရေးသားထားပေမဲ့ ဖြန့်ဝေနေတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ အောက်တိုဘာ ၃၀ ရက်က သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့သတင်းအကြောင်းအရာတွေကို ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖတ်ကြား ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေ ရုတ်တရက် နုတ်ထွက်သွားတယ်ဆိုတာ မမှန်ပါဘူး။

Avatar

Title:Fake news coup leader min aung hlaing resigned

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *