Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

နိုင်ငံရေး၊

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်က နေအိမ် ကို ပြန်ရောက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား သာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“(၄)ရက်နေ့ လွတ်လပ်ရေးနေ့အောင်ပြီ အမေစုလွတ်ငြိမ်းခွင့်ရပြီဟေ့ ခြံအမှတ်(၅၄)နေအိမ်ကို ပြန်ပို့ပေးလိုက်ပြီ ရန်ကုန်ခေတ်သစ် တရားဝင်အတည်ပြုကြေညာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဇန်နဝါရီ ၄ ရက်မှာ စစ်ခေါင်းဆောင်က အကျဉ်းသား ၉၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအချို့ပါဝင်လာပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သို့သော်လည်း ‌ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့‌ပေါ့ပေးတဲ့ ကြေညာချက်သို့မဟုတ် ပြန်လွှတ်ပေးတဲ့ သတင်းမတွေ့ရပါဘူး။ 

ရန်ကုန်ခေတ်သစ်သတင်းဌာနမှာလည်း ဒီလို သတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေတာတွေ့ ရပါတယ်။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ  Khit Thit Media က ဇန်နဝါရီ ၄ ရက်မှာဖော်ပြခဲ့တဲ့ “အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ 

၆ မိနစ်ကျော်ရှည်လျားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အခြားသောသတင်းတွေဟာလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ အ‌မေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာလွတ်လပ်ရေးနေ့မှာ မြန်မာသူတွေနဲ့ရပ်တည်ကြောင်းဖော်ပြချက်၊ ကညွှတ်ကွင်းမှာ စစ်တပ်ကင်းစခန်းတွေကို တော်လှန်ရေးပူး‌ပေါင်းတပ်တွေတိုက်ခိုက်မှု၊ KIA ပစ်ချတဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ အဖမ်းခံရတဲ့ ရဟတ်ယာဉ်မှူးဟာ စစ်တပ်ခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ အမျိုးတော်စပ်တဲ့ အကြောင်းနဲ့ နောင်ချိုမြို့နယ် သံဘိုရွာတပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်မှု စတဲ့ သတင်းတွေ သာဖြစ်တယ်။

သုံးသပ်ချက်

မီဒီယာတွေမှာဖော်ပြခဲ့တဲ့  အကျဉ်းသား ၉၇၀၀ ကျော် စစ်ခေါင်းဆောင်က ပြန်လွှတ်ပေးလိုက်တဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဒီလိုလွှတ်ပေးတဲ့အထဲမှာ လွတ်ရပ်စေ့ခါနီး နိုင်ငံရေးအအကျဉ်းသား အချို့ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးတယ်ဆိုတာမဟုတ်ပါဘူး။

Avatar

Title:Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *