နေအိမ်လေလံတင်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၉ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိထားတယ်။

“ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချပြီ

နေအိမ်လေလံတင်မှုအပြီး အမေစု အသက်မရှိတော့ဘူးလို့သတင်းထွက်လာပြီ

ပြည်သူဆူမှာစိုးလို့တဲ့၊ အမြန်ဖြန့်ပေးကြပါ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေ လေ့ရှိတဲ့ ချန်နယ်ဖြစ်တာတွေ့ရတယ်။

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာဖော်ပြချက်မရှိပါဘူး။

ဒီအပြင် ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနကဖော်ပြခဲ့တဲ့ “နေအိမ်ကိုရောင်းချဖို့ ကြိုးစားနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေဆဲ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေ ခြင်းသာဖြစ်တယ်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အိမ်ခြံအမှတ် ၅၄ ကို မတ်လ ၂၀ ရက်က ကမာရွတ်ခရိုင်တရားရုံးက လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူမရှိခဲ့ပြီးနောက် သမိုင်းဝင် နေအိမ်နဲ့ ပတ်သက်ပြီး ထပ်မံကြားနာဖို့ ကမာရွတ်ခရိုင် တရားရုံးက ဧပြီလ ၂၅ ရက်မှာ ချိန်းဆိုထားကြောင်း၊ ဒီအိမ်ကိစ္စမှာ အဓိကပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အကျယ်ချုပ်နဲ့ ရှိနေသလား၊ နေပြည်တော် အချုပ်ထောင်ထဲမှာပဲ အကျဉ်းချခံထားရ သလားဆိုတာ အခုချိန်ထိ အတိအကျ မသိရကြောင်း၊ သူ့ရဲ့ရှေ့နေ အဖွဲ့ဟာ တစ်ပတ်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ထံ ထောင်ဝင်စာပို့ခွင့် ရနေပေမယ့် လူချင်းတွေ့ခွင့် မရကြောင်းနဲ့ မတ်လ ၂၅ ရက် တနင်္လာနေ့မှာ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အတွက် ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်မှာ သွားပို့ခွင့်ရခဲ့တာကြောင့် အချုပ်ထောင်ထဲမှာပဲ ဆက်ရှိနေပုံရကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်။

ဒီသတင်းထဲမှာပဲ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားမှုမရှိခဲ့ဘူးလို့လည်း သတင်းမှာဖော်ပြပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ရောင်းချဖို့ကြိုးစားနေပေမဲ့ ဒီအိမ်ရဲ့ အဓိကပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းအစအနပျောက်ဆုံးနေပြီး ရှေ့နေတွေနဲ့လည်း လူချင်းတွေ့ခွင့်မရသေးတဲ့အကြောင်း မူလက လွတ်လပ်တဲ့ အာရှအသံ သတင်းဖော်ပြချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိ နေသလဲဆိုတာနဲ့ သူ့ကို ရှေ့နေတွေက လူချင်းတွေ့ခွင့်မရဖြစ်နေတယ်ဆိုတယ်လို့ သတင်းမှာ ဖော်ပြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သေဆုံးမှုနဲ့ ဒီသတင်းကို စစ်တပ်ပြောခွင့်ရသူက ပြောတယ်ဆိုတာကတော့ မဟုတ်မှန် ပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို သေဆုံးသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် အသက်မရှိတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False