Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

False နိုင်ငံရေး | Politics

မကွေးလေတပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က NUG လက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်ပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုကောင်းခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီဖေ့စ်ဘွတ်ပို့စ်မှာ “မကွေးလေတပ် NUG လက်ထဲ့ ရောက်ပြီ”လို့ ရေးသားထားသလို ဗွီဒီယိုရုပ်ကတ်ထဲမှာလည်း “၁၁ ရက်နေ့ အထိနာပြီ မကွေးလေတပ် သိမ်းပိုက်နိုင်ပြီ တပ်မိသားစုတွေ အကုန်အဖမ်းခံရ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ 

“KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေခဲ့ရာမှာ ပြန်လည် မျှဝေမှုပေါင်း ၅၀၀ ကျော်၊ မှတ်ချက်ရေးသားမှုပေါင်း ၁၄၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲက အကြောင်းအရာဟာ ဖေဖော်ဝါရီ ၁၁ ရက်က ​ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့” မကွေးလေတပ်စခန်းဌာနချုပ်နှင့် စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၂၅ တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန်အတွင်း မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မကွေးလေတပ်စခန်းအတွင်းသို့ ရှော့တိုက်ဒုံး ၃လုံး ထိရောက်ပေါက်ကွဲခဲ့တဲ့အကြောင်းရေးသားထားခြင်းဖြစ်ပြီး လေတပ်စခန်းကို သိမ်းပိုက်မှုအကြောင်းမပါဝင်သလို တပ်မိသားစုတွေ ဖမ်းဆီးမှုအကြောင်းလည်းမပါဝင်ပါဘူး။

မူရင်းလင်ခ့် – yktnewsArchive link  

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာပဲ ဧရာဝတီတိုင်းမ်း သတင်းဌာနကဖော်ပြခဲ့တဲ့ ” မြန်မာကို အာဆီယံမှ ထုတ်ပယ်သင့်ဟု မလေးရှားပြော“၊ “အလက်စကားပြည်နယ်ပေါ်မှာ ပျံသန်းနေတဲ့ အမျိုးအမည်မသိ အရာဝတ္ထုကို အမေရိကန် ပစ်ချ“စတဲ့ သတင်းတွေကို ပြန်လည်ဖြတ်ကြားနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

ဖေဖော်ဝါရီ ၁၁ ရက်က ခေတ်သစ်​သတင်းဌာနကဖော်ပြခဲ့တဲ့ မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုသတင်းကို သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။ 

Avatar

Title:Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *