Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ

False လူမှုရေး

ဂျပန်နာရီဝယ်ဖို့ ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းနေရင်း အချို့ဆိုမူးလဲကျခဲ့ကြတဲ့ အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဓာတ်ပုံအချို့နှင့်အတူ နာရီအ‌ရောင်းကြော်ငြာပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကြောင်းအရာ အသီးသီးနဲ့ မျှဝေထားတဲ့ ဓာတ်ပုံတွေကို နားလည်မှုလွဲစေအောင် ဖြန့်ချိမှုဖြစ်ပါတယ်။ 

အောက်ပါစာသားနဲ့ စရင်ရှော့ဓာတ်ပုံကတော့ ဧပြီ ၁၁ ရက်ကဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုက ဖြစ်ပါတယ်။

 “ဂျပန်နာရီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသောကြောင့် ရန်ကုန်မြို့ရှိ Mall တွင် ဒါဇင်နှင့်ချီသောလူများ 43,633 MMK / 1 လုံး 😵‍( ပေါင်းစည်းဝယ်ယူသည့်အခါ 2 အခမဲ့ 1 : 130,900 MMK )

မနေ့က ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် 2023 စမတ်နာရီကို 1 ထည်ကို 59,900 MMK/1 ထည်နဲ့ ရောင်းချခဲ့ပြီး 😲 ဒါဟာ နည်းပညာလောကအပြင် ဂျပန်နိုင်ငံရဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကိုပါ လှုပ်ခတ်သွားစေခဲ့ပါတယ်။ . အရင်မျိုးဆက်ကို သုံးဖူးပြီး အရမ်းကောင်းလို့ ဒီတစ်ခါတော့ ကျွန်မခင်ပွန်းအတွက် ဝယ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီကို ရောက်တဲ့အခါမှာတော့ တကယ်ကို ထိတ်လန့်သွားတယ်။ ထောင်ပေါင်းများစွာသော လူများသည် တန်းစီရန် အမြဲတန်းစီနေခဲ့ကြသည်။ ၄ နာရီမှ ၅ နာရီကြာ တိုးဝှေ့ပြီးနောက် လူဒါဇင်ပေါင်းများစွာ မေ့လဲသွားကာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် လူအုပ်အလယ်တွင် လေဖြတ်သွားခဲ့သည်။ ဒါဇင်နဲ့ချီတဲ့ လူနာတင်ယာဉ်တွေနဲ့ ဆရာဝန်တွေ အရေးပေါ် ကုသပေးဖို့ အချိန်မီရောက်လာခဲ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ နာမည်ကြီးမင်းသမီး နန်းမွေစံအမည်နဲ့ ဓာတ်ပုံကို ယူသုံးပြီးတော့ အကောင့်တုပြုလုပ်ဖြန့်ချိ ထားတာကို သတိပြုမိပါတယ်။ နန်းမွေစံရဲ့ ဖေ့စ်ဘွတ်အကောင့် အမှန်က ဒီလင့်ခ်မှာပါ။ သူမဟာ  စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တာကြောင့် စစ်တပ်က ဖမ်းဆီးထောင်ချခံရသူ နာမည်ကြီး မော်ဒယ်တွေထဲက တစ်ဦး လည်းဖြစ်ပြီး လက်ရှိအချိန်အထိ ထောင်ထဲမှာ အပြစ်ပေးခံထားရပါတယ်။

Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တန်းစီနေတဲ့ လူတန်းရှည်ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က Crescent Mall ရဲ့ဖေ့စ်ဘွတ်မှာ ၂၀၁၅ ခုနှစ်ထဲကတင်ထားတဲ့ မူလဓာတ်ပုံကို ဘယ်ညာပြောင်းပြန်လှန်ထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ 

မူလဖော်ပြချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“Crescent Mall အနီးတစ်ဝိုက်တွင် Midnight Sale အငွေ့အသက်များ ❤ ကြိုက်နှစ်သက်ရာပစ္စည်းများကို ဝယ်ယူပြီးပြီလား။

Crescent Mall တွင် သင်၏အံ့သြဖွယ်စျေးဝယ်အတွေ့အကြုံကိုမျှဝေရန် #CrescentMall #ILoveMidnightSale ဟူသော hashtag ဖြင့် သင့်ဓာတ်ပုံများကို တင်ရန်မမေ့ပါနှင့်။”

မူရင်းလင်ခ့် – Fb linkArchive link

ထို့အပြင် ဓာတ်ပုံပါစာသားကို ပြုပြင်ထားတာလည်းတွေ့ရပါတယ်။ ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။ 

နောက်ထပ် အမျိုးသမီတစ်ယောက် ‌ကြမ်းပြင်‌ပေါ်မှာလဲကျနေတဲ့ ဓာတ်ပုံဟာလည်း ဗီယက်နမ်နိုင်ငံက ဓာတ်ပုံ တစ်ပုံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဗီယက်နမ် သတင်းဝက်ဘ်ဆိုဒ်အများအပြားက ဖော်ပြခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

Google Translate အသုံးပြုပြီး မူရင်း ဗီယက်နမ်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဟနွိုင်းမြို့က ဈေးဝယ်စင်တာတစ်ခုမှာ အဆိုတော် နူဖုသင်(Noo Phuoc Thinh)ရဲ့ဖျော်ဖြေပွဲမှာ လာရောက်အားပေးရင်း တိုးဝှေ့ကခုန်ရင် မေ့မောလဲကျခဲ့တဲ့အမျိုးသမီးငယ်တစ်ယောက်ဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက် 

ဓာတ်ပုံတွေဟာ အနည်းဆုံး ၇ နှစ်ဝန်းကျင်ကတည်းက ဗီယက်နမ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အသီးသီး က ဓာတ်ပုံတွေဖြစ်ပါတယ်။ စင်တာထဲက လူတန်းရှည်ကြီးကို ရိုက်ကူးထားတဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Crescent Mall က တင်ထားတဲ့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတာလည်းတွေ့ရပါတယ်။

ပြောဆိုချက်- ရန်ကုန်မှာ ဂျပန်နာရီဝယ်ဖို့ ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းကြရင်း မူးလဲကျ

Avatar

Title:Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *