Fact Check: စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဗိုလ်ချုပ် ၁၅ ဦးအရေးပေါ်ရောက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ရုတ်တရုတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်ဗိုလ်ချုပ် ၁၅ ဦးနဲ့ ၎င်းတို့ရဲ့ ဇနီး ၂၀ အရေးပေါ်ဆေးရုံရောက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၁ ရက်က ဖြန့်ဝေထားရာ အွန်လိုင်းအသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းနေတယ်။

အောက်မှာဖော်ပြထားတာကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ မသာပွဲဖြစ်ပြီဟေး” လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ ရုတ်တရက် ဒရုန်းနဲ့ဗုံးကြဲခံရ စစ်ဗိုလ်ချုပ်(၁၅)ဦး၊မိန်းမ(၂၀)အရေးပေါ်ဆေးရုံရောက်” စသည်ဖြင့်လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို စိစစ်ကြည့်ရာမှာ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်ဖြစ်တာတွေ့ရပါတယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ဒေသတွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ 

တကယ်တော့ ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ “သံလွင်တိုင်းမ်”သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲမှာ ပါဝင်အားဖြည့်သူတွေကို လူမိုက်အားပေးလို့ ဆရာတော် မင်းသုည မိန့်ကြား”ဆိုတဲ့ သတင်းပဲဖြစ်တယ်။

ထို့အပြင်ဗွီဒီယိုထဲမှာဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင်၏ခိုင်းစေချက် ယတြာအရ နေပြည်တော်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပြိုင်ပွဲ ပြုလုပ်မည်”ဆိုတဲ့ သတင်းနဲ့ “မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉ ဦးသေဆုံး”ဆိုတဲ့ သတင်းတွေသာဖြစ်တယ်။ ဒီလို ၆၉ ဦးသေဆုံးမှုဟာ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးကပြောကြားချက်ကို ကိုးကားထုတ်ပြန်ခြင်းဖြစ်ပါတယ်။ နေပြည်တော်မှာနေထိုင်တဲ့ ဗိုလ်ချုပ်တွေ သေဆုံးမှုအဖြစ်ဖော်ပြခြင်းမရှိပါဘူး။

ထို့အတူ နောက်ထပ်အကြောင်းအရာကတော့ လူထုနွေဦးဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေး နိုင်ငံအတွင်းရှိ လူမျိုးစု လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ရန် NUG ကာကွယ်ရေးတိုက်တွန်းပန်ကြား”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

“သံလွင်တိုင်းမ်”သတင်းမှာဖော်ပြခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲမှာ ပါဝင်အားဖြည့်သူတွေကို လူမိုက်အားပေးလို့ ဆရာတော် မင်းသုည မိန့်ကြားတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ စစ်‌ခေါင်းဆောင် ဘုရားဒါယိကာခံယူပွဲ ရုတ်တရုတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်ဗိုလ်ချုပ် ၁၅ ဦးဒဏ်ရာရတာဟာ သတင်းတုသတင်းမှားဖြစ်တယ်။

ပြောဆိုချက်- စစ်‌ခေါင်းဆောင် ဘုရားဒါယိကာခံယူပွဲ ရုတ်တရုတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်ဗိုလ်ချုပ် ၁၅ ဦးဒဏ်ရာရ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဗိုလ်ချုပ် ၁၅ ဦးအရေးပေါ်ရောက်တဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *