Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။

ဗွီဒီယိုအစမှာ ပြသထားတဲ့ Thumbnail ဓာတ်ပုံမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီလို ကုလသမဂ္ဂက လေကြောင်း အသုံးပြုခွင့်ပိတ်သိမ်းလိုက်တယ်လို့ ဆိုထားပေမဲ့ ဗွီဒီယိုတခုလုံးမှာ ဒီအကြောင်း အရာမပါဝင်ပါဘူး။ 

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ  Khit Thit Media က ဇန်နဝါရီ ၃ ရက်မှာဖော်ပြခဲ့တဲ့ “AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို စစ်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယအစိုးရက ပြန်ပို့ ၊ ဒဏ်ရာရရှိသော စစ်သားများကို အိန္ဒိယအစိုးရက ဆေးကုသပေးခဲ့”၊ “စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကလေးငယ်  ၆ သန်းကျော် အဟာရချို့တဲ့နေပြီး ယခု ၂၀၂၄ ခုနှစ်တွင် အခြေအနေပိုဆိုးလာမည်ဟု ကုလသမဂ္ဂက သတိပေး”၊ “မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို စစ်ကောင် စီတပ်က မီးရှို့ဖျက်ဆီး”နဲ့ “ပလက်ဝရှိ စစ်ကောင်စီ၏ “ခမောင်းဝစခန်း” ကို AA က သိမ်းပိုက်လိုက်ပြီး လက်နက်ချအညံ့မခံသော စစ်တပ်စခန်းကြီး၊ စခန်းငယ်များကို ယခုတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်မည်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာမှာ မူလကဖော်ပြခဲ့တဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကလေးငယ်  ၆ သန်းကျော် အဟာရချို့တဲ့နေပြီး ၂၀၂၄ ခုနှစ်မှာ အခြေအနေပိုဆိုးလာမယ့်အကြောင်း ကုလသမဂ္ဂက သတိပေးတဲ့ သတင်းကို လိုအပ်သလိုရေးသားဖြန့်ဝေပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် ကုလသမဂ္ဂက ပိတ်ပင်တယ်ဆိုတာမဟုတ်ပါဘူး။ 

ပြောဆိုချက်- မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် ကုလသမဂ္ဂနဲ့ အာဆီယံပိတ်ပင်

Avatar

Title:Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *