Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။

ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်ကနေ ၂၆ ရက်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ၇၁ ကြိမ်မြောက် ကုသမဂ္ဂအထွေထွေ ညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ဒီလိုကုသမဂ္ဂအထွေထွေ ညီလာခံတက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ စက်တင်ဘာ ၂၀ ရက်ကတွေ့ဆုံခဲ့တာတွေ့ရပါတယ်။ 

ဒီသတင်းကို OIC ဘက်ကလည်း အောက်ပါအတိုင်းဘာသာပြန်ဆိုနိုင်မယ့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၁ ရက်မှာထုတ်ပြန်ထားတာတွေ့ရပါတယ်။

“ကုသမဂ္ဂအထွေထွေ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းရေးအဖွဲ့(OIC) အထွေထွေ အတွင်းရေးမှူးချုပ် Iyad Ameen Madani သည် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ်အတွင်း အထွေထွေအတွင်းရေးမှူးချုပ်ကို နိုင်ငံအတွင်း ဒီမိုကရေစီအလေ့အထကောင်း များဖြစ်ပေါ်တိုးတက်ရေးဆောင်ရွက်နေမှုနှင့် လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများအဆုံးသတ်ရေးအတွက် ကြိုးပမ်းအားထုတ်နေမှုများကို အသိပေးခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို ကြိုဆိုပြီး OIC အနေဖြင့် ရိုဟင်ဂျာမွတ်ဆလင်အသိုင်းအဝိုင်းအခြေခံလူအခွင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံသားဖြစ်ခွင့်တို့နှင့် ပတ်သက်ပြီး ထောက်ပြဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများပိုမိုတိုးတက်လာဖို့ လုပ်ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။”

မူရင်းလင်ခ့် – OIC  |  Archive link

ထို့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိန့်ခွန်းတွေမှာ တတ်နိုင်သမျှ ရှောင်သုံးခဲ့တာတွေ့ရပြီး အဲဒီနှစ်က သူပြောခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ဒီလိုအသုံးအနှုန်းမပါဝင်ပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ ရိုဟင်ဂျာပြည်နယ်ပေးသဘောတူနေပုံအဖြစ် ဖြန့်ဝေနေတဲ့ ပုံဟာ ၂၀၁၆ ခုနှစ် ကုသမဂ္ဂအထွေထွေ ညီလာခံပြင်ပ တွေ့ဆုံမှုများ ထဲက တစ်ခုအနေနဲ့ OIC အတွင်းအရေးမှူး Iyad bin Ameen Madaniနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုဓာတ်ပုံဖြစ်တာတွေ့ရပြီး ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် အသိုင်း အဝိုင်းအတွက် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တုန်းက ပုံဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *