Fact Check: ၁၀ ရက်အတွင်းစစ်ကောင်စီပြုတ်မယ်လို့ ညီနောင် ၃ ဖွဲ့ပြောနဲ့ နေပြည်တော်ကို မတိုက်ဖို့ စစ်ခေါင်းဆောင်တောင်းပန်တဲ့ သတင်းတု

နိုင်ငံရေး၊

၁၀ ရက်အတွင်း စစ်ကောင်စီပြုတ်ကျနိုင်တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ပြောကြားမှုနဲ့ နေပြည်တော်ကို မတိုက်ဖို့ မြောက်ပိုင်းအဖွဲ့တွေကို စစ်ခေါင်းဆောင်က တောင်းပန်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်တယ်။ 

“စစ်တပ် ၁၀ ရက် အတွင်း ပြုတ်တော့မယ်ဟု ညီနောင်၃ဖွဲ့  ဒဲ့ပြောလို့ လန့်ကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

ထို့အပြင် ညီနောင် ၃ ဖွဲ့ကြောင့် စစ်ရှုံးရတာလို့ စစ်ခေါင်းဆောင်ကဝန်ခံလိုက်ပြီး နေပြည်တော်ကို မတိုက်ဖို့ အသနားခံလိုက်တယ်ဆိုပြီးတော့လည်း Mandalay Khit Thit အမည်နဲ့ အခြားသော ယူကျူ့ချန်နယ်တခု ကရေးသားဖြန့်ဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

အခုလို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit၊ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက‌ဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ သို့မဟုတ် ခေါင်းစဉ်လွဲတပ်ဖြန့်ဝေတာတွေလုပ်လေ့ရှိတဲ့ ယူကျူ့ချန်နယ်တွေဖြစ်ပါတယ်။ 

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့ဟာ ၁၀ ရက်အတွင်း စစ်ကောင်စီပြုတ်ကျ နိုင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရှုံးတာကို ဝန်ခံပြီး နေပြည်တော်မတိုက်ဖို့ အသနားခံတယ်ဆိုတဲ့ ပြောဆိုချက်တွေကို သတင်းလုပ်ငန်းလုပ်ကိုင် နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။

အခုလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာလည်း ဗွီဒီယိုထဲမှာ စစ်ကောင်စီ ၁၀ ရက်အတွင်း ပြုတ်ကျနိုင်တယ်ဆိုတဲ့အကြောင်းဖြစ်စေ နေပြည်တော်ကို မတိုက်ဖို့ ပြောဆိုချက်ကိုဖြစ်စေ မတွေ့ရပါဘူး။

ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား”နဲ့ “ရခိုင်ဒေသရှိ စစ်တပ်စခန်းများအားလုံးကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရတော့မည့် လက်တစ်ကမ်းအနေအထားရောက်ရှိနေပြီဟုဆို” စတဲ့အကြောင်း အရာတွေကို ပြန်လည်ဖတ်ကြားထားတယ်။

နောက်ထပ်စစ်ခေါင်းဆောင်က နေပြည်တော်ကို မတိုက်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကိုတောင်းပန်တယ်ဆိုတဲ့ ဗွီဒီယိုထဲမှာလည်း လွတ်လပ်သောအာရှအသံ(RFA Burmese)ကဖော်ပြခဲ့တဲ့ “လက်နက်ကိုင်စွဲ တိုက်ခိုက်ကြရင် အချုပ်အခြာ ဆုံးရှုံးနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော”ဆိုတဲ့ အကြောင်းအရာနဲ့ အခြားသော သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာ မူလဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို လိုအပ်သလို ချဲ့ကားထားတဲ့ ခေါင်းစဉ်တပ် ထားခြင်းဖြစ်တယ်။ လက်နက်ကိုင်တိုက်ခိုက်နေတာကြောင့် အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တဲ့အကြောင်း စစ်ခေါင်း‌ဆောင်ပြောကြားချက်ကို နေပြည်တော်ကို မတိုက်ခိုက်ဖို့ အသနားခံတယ်လို့ ချဲ့ကားခဲ့သလို ရခိုင်ဒေသရှိ စစ်တပ်စခန်းများအားလုံးကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကပြောဆိုတာကို ၁၀ ရက်အတွင်း စစ်ကောင်စီပြိုကျတော့မယ်စသည်ဖြင့် ရေးသားမျှဝေထားတယ်။

Avatar

Title:Fact Check: ၁၀ ရက်အတွင်းစစ်ကောင်စီပြုတ်မယ်လို့ ညီနောင် ၃ ဖွဲ့ပြောနဲ့ နေပြည်တော်ကို မတိုက်ဖို့ စစ်ခေါင်းဆောင်တောင်းပန်တဲ့ သတင်းတု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *