KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။
ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး”

အချက်အလက်စိစစ်ချက်
ပြောဆိုချက်ပါ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်း(Phayao)ခရိုင်က အိမ်တစ်လုံးမှာ အထောက်အထားစနစ်တကျမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦး ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရမှုဓာတ်ပုံ အဖြစ် ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းကို မြန်မာဘာသာနဲ့ဖော်ပြတဲ့ သတင်းဌာနတွေကလည်း ဘာသာပြန်ဖော်ပြခဲ့တာကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အမျိုးသား ၃၃ ဦးနဲ့ အမျိုးသမီး ၃၀ ဦးပါဝင်တဲ့ ဒီဖမ်းဆီးခံရမှုမှာ အသက်မပြည့်သေးသူ ၃ ဦးလည်းပါဝင်ပြီး အဓိက အားဖြင့် ပအိုဝ်း၊ ရှမ်း၊ ကရင်လူမျိုးတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
သုံးသပ်ချက်
KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရမှုသာဖြစ်တယ်။ ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး KNU ထိန်းချုပ်နယ်တွေနဲ့ စပ်ဆက်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ အတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် နားလည်မှုလွဲစေအောင် ပုံမှားရိုက်ဖြန့်ချိမှုအဖြစ် သတ်မှတ်ပါတယ်။

