Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

False လူမှုရေး

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး

ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် ၁ ရက် နေ့လယ် ပိုင်း ရုပ်သံသတင်းအစီအစဉ်”ဗွီဒီယိုပါသတင်းတွေကိုခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

ဗွီဒီယိုထဲမှာ “မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး”၊ “မော်လိုက်တွင် စစ်တပ်က ကပ္ပိယ ဦးဘချစ်ကို သတ်ဖြတ်”၊ “အရပ်ဝတ်ဖြင့် သွားလာနေသော တောင်ငူလေကြောင်းရန်တပ်က ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်နိုင်ခဲ့”၊ “Border News Agency”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “လေးတောင်မြို့မှာ မိုးကြိုးပစ်ခံရပြီးကျောင်းသား ၂ ဦးသေဆုံး”၊ “စစ်ကောင်စီလေတပ်နှင့်ဒေါက်တိုင်များကို အပြီးသတ်ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျား စစ်သည်တော်များနှင့် ပူးပေါင်းသွားမည်ဟု BWM ကြေညာ”စတဲ့ သတင်းတွေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ဝေရာမှာ လူတွေ စိတ်ဝင်စားမှုရဖို့အတွက် သတင်းခေါင်းစဉ်တု၊ခေါင်းစဉ်လွဲကို လိုအပ်သလိုတပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်း စစ်ကောင်စီလက်အောက်ခံကျောင်းတွေရဲ့ ကျောင်းဖွင့်ရက်မှာ ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ရလို့ သေဆုံးမှု သတင်းမျိုးမတွေ့ရပါဘူး။

ပြောဆိုချက်- ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ရက် ရန်ကုန်နဲ့မန္တလေားမှာ ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး

Avatar

Title:Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *