
NUG သမ္မတ ဒူဝါလရှီလ အောက်တိုဘာ ၁၇ ရက်က အဖမ်းခံရတယ်လို့ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းခေါင်းစဉ်တုဖြစ်ပါတယ်။ ဗွီဒီယိုပါ အကြောင်းအရာဟာ ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့တဲ့ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။
“အမြန်ဖြန့်ဝေပေးကြပါ ဗျာ အဖမ်းခံရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “သွားပါပြီ 17-ရက် NUG သမ္မတကြီး အဖမ်းခံရပြီ တဲ့ဗျာ ထိပ်လန့်ကုန်ကြပီ”လို့ရေးသားထာပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုသာဖြစ်ပါတယ်။
ဒီအမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလအဖမ်းခံရမှုဆိုပြီး အခုလိုဖေ့စ်ဘွတ်နဲ့ Youtube မှာထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်း ခေါင်းစဉ်တုတွေနဲ့ လူတွေကိုဆွဲဆောင်နေတဲ့ ဘလော့ဂ်စာမျက်နှာတွေက လွဲလို့ အခြားသော သတင်းဌာနတွေမှာ မတွေ့ရပါဘူး။
NUG သမ္မတ ဒူဝါလရှီလဟာ သူ့ရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နှာကို ပုံမှန်အတိုင်းပဲအသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အောက်တိုဘာ ၂၇ ရက်ကနေ့မှာ အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနားမှာ သမ္မတ ဒူဝါလရှီလ မိန့်ခွန်းပြောကြားခဲ့သလို မြန်မာ့ဟိန္ဒူအစည်းအရုံးကကျင်းပတဲ့ ဒီပါဝလီနေ့ အထိမ်းအမှတ်မှာလည်း အောက်တိုဘာ ၂၂ ရက်နေ့က မေတ္တာစကားေပြောခဲ့သလို အောက်တိုဘာ ၁၈ ရက်နေ့မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတက် ရောက်ခဲ့ တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြပါတယ်။
သုံးသပ်ချက်
NUG သမ္မတ ဒူဝါလရှီလအဖမ်းခံရတယ်ဆိုပြီးတော့ ခေါင်းစဉ်အတုနဲ့ လူတွေကို လှည့်စားပြီး အခြားသော အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗွီဒီယိုကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ နွေဦးတော်လှန်ရေး သံဃကွန်ရက်အဖွဲ့ဝင် ဆရာတော် မင်းသုည-ဗုဒ္ဓတက္ကသိုလ်ရဲ့ ဆွေးနွေးမှုတစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: NUG သမ္မတ ဒူဝါလရှီလအဖမ်းခံရတယ်ဆိုတဲ့သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: Misleading