
ဖမ်းမိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်ဆိုင်မှုအားလုံးကို အမေရိကန်လက်ထဲအပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းနေပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။
“ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”လို့ ရေးသားပြီး “Queen10シ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ထွန်းမင်းလတ်ကိုဖမ်းဆီးမှုနောက်ဆက် တွဲအခြေအနေတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာစီးပွားရေးအပေါ် အမြတ်ထုတ်မှု၊ အဂတိလိုက် စားမှုတွေကို ဆွေးနွေးနေတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖမ်းမိတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ ပိုင်ဆိုင်မှုအားလုံး အမေရိကန်လက်အပ်တဲ့အကြောင်းမပါဝင်ပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ကို စက်တင်ဘာလ ၁၇ ရက်က ဘန်ကောက်မြို့မှာ စီးနင်း ဖမ်းဆီးခဲ့ပြီး၊ သူတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်း ဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင်ခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်ခေါင်းဆောင်သားသမီးတွေ ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက် ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်ကြောင်း Justice For Myanmar က ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီထုတ်ပြန်ချက်မှာပဲ ထိုင်း အာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ကို Justice For Myanmar က တိုက်တွန်းခဲ့ပါတယ်။
မြန်မာစစ်ခေါင်း ဆောင်ရဲ့ သားသမီးတွေရဲ့ပိုင်ဆိုင်မှုတွေကို အခုလို ရာဇဝတ်မှုနဲ့ ဖမ်းဆီးခံရသူ ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးစဉ်မှာ အတူတွေ့ခဲ့ရပေမဲ့ စွဲချက်တင် စုံစမ်းစစ်ဆေးရေးမှာ သက်ဆိုင်မှုမရှိဘူးလို့ ထိုင်းအာဏာပိုင်တွေ ဆုံးဖြတ်ခဲ့တယ်လို့ ဒီအစီရင်ခံစာအပေါ်အခြေခံရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းတစ်ပုဒ်မှာလည်းဖော်ပြပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြန်မာစစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းက အမေရိကန်ကို အပ်လိုက်ပြီ ဆိုတာ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးအမှု၊ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ဒေါက်တာထွန်းမင်းလတ်အမှုမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သား၊သမီး ၂ ဦးဟာ ပိုင်ဆိုင်မှုအသိမ်း မခံရသလို တရားစွဲဆိုခံရခြင်းလည်းမရှိပါဘူး။

Title:Fact Check: စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို အပ်လိုက်ပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading