Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံ‌ရေး

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်” 

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။ 

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို ပြန်လည်ဖော်ပြ ထားခြင်းဖြစ်ပါတယ်။ ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “ရွှေဘို၊ မြင်းချင်းရွာရှိ ပျူစောထီး ကင်းစခန်း ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး”၊ “စစ်ကောင်စီ ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးမှု ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်စေရန် တွန်းအားပေးနေ၊ ပုဂ္ဂလိကအလုပ်သမားများအတွက် အနည်းဆုံး လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်”၊ “နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် ထောင်ဒဏ် ၄ နှစ် ချမှတ် ခံရပြီး ရမည်းသင်း အကျဉ်းထောင်သို့ ပို့ဆောင်”၊ “အင်းစိန်၊ စော်ဘွားကြီးကုန်း စစ်တပ်ပိုင် အင်း၀ဘဏ်အနီး ဗုံးပေါက်ကွဲ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာနှင့်တောင်ဥက္ကလာတို့တွင်လည်း ပေါက်ကွဲသံများကြားရ” စတဲ့သတင်းတွေသာပါဝင်တယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းဌာနဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းအချို့ကို လိုအပ်သလို‌ ခေါင်းစဉ်တုတပ် ထားခြင်းဖြစ် တယ်။ တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးရဲ့ တပ်တွေ့ သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ 

ပြောဆိုချက်- တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ

Avatar

Title:Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *