Diaglusure က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်လို့ဆိုထားတဲ့ ပိုစ်တွေ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ Diaglusure က နို့မှုန့်တမျိုးပဲဖြစ်ပြီး နို့ရည်ကြည်က ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်ရှိပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“Diaglusure ဖြင့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ လျှော့ချပါ။

👉 တစ်နေ့လျှင် Diaglusure နို့ 2 ခွက်သာ သောက်ပါ ။

- လေဖြတ်ခြင်း၊ အသည်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်းစသည့် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာများကို လုံးဝပျောက်ကင်းအောင် ကူညီပေးပါတယ်။

အင်ဆူလင်ခုခံမှုကို လျှော့ချပေးပါတယ်။

- ဆီးချိုရောဂါအမျိုးအစား ၁ ကိုထိန်းချုပ်ပါ၊ အင်ဆူလင်ထုတ်လုပ်မှုကိုပြင်းထန်စွာလှုံ့ဆော်‌‌ေပးတယ်၊ အန္တရာယ်ရှိသောနောက်ဆက်တွဲများကိုကာကွယ်ပါ။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ နို့မှုန့်က ဆီးချိုကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပြီး အခုလိုပဲ နို့မှုန့် အမှတ်တံဆိပ်တွေအမျိုးမျိုး ကြော်ငြာရောင်းချခဲ့တာတွေ့ရပြီး တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်း ကြောင်း Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ တချို့သော ပြောဆိုကြော်ငြာချက်တွေမှာ မသက်ဆိုင်တဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို ထည့်သွင်းအသုံးပြုကြော်ငြာတာကအစ အဟာရဖြည့်စွက်စာတခုကို ကုသဆေးအဖြစ် မှားယွင်းကြော်ငြာရောင်းချနေတာဖြစ်တယ်။

ဆီချိုဟာ ဖြစ်ပြီးရင် ပျောက်ကင်းအောင် ကုသလို့ ရတဲ့ ရောဂါတမျိုးမဟုတ်ဘူးလို့ ဆေးဘက်ဆိုင်ရာ ဆောင်းပါးတွေ ရေးသားဖော်ပြတဲ့ Hello Sayarwon ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ကစီဓာတ်နဲ့အချိုကဲတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရပြီး ပရိုတင်းနဲ့ အသီးအရွက်လို အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးခြင်းဖြင့် ဆီးချိုဝေဒနာကို သက်သာစေပြီး ဆီးချိုရောဂါရှိတဲ့သူတွေဟာ နောက်ဆက်တွဲရောဂါတွေ ဖြစ်တတ်တာမို့ ကုသတယ်ဆိုတာလည်းကလည်း နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်ကုသခြင်း သာဖြစ်ပါတယ်။ အမေရိကန်ကျန်းမာရေးဌာနကလည်း အလားတူပဲ အတည်ပြုပါတယ်။

သို့သော် ဆိတ်နို့ရည်ကြည်(Colostrum) သောက်သုံးမှုကြောင့် ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်တွေကို အမေရိကန်ပြည်သူ့ ကျန်မာရေးဌာနက ‌ဖော်ပြချက်တော့ရှိပါတယ်။

သို့ပေမဲ့ အစားအသောက်အနေအထိုင်ပြောင်းလဲမှုကသာ လူတွေမှာအဖြစ်များတဲ့ ဆီးချိုအမျိုးအစား ၂ ကို သက်သာစေနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပြီး Dia Glusure ဟာ ဆီးချိုကို သက်သာပျောက်ကင်းစေတဲ့ အထောက်အထားကင်းမဲ့တယ်လို့ AFP ရဲ့ ဒီထုတ်ကုန်နဲ့ ပတ်သတ်တဲ့ အချက်အလက်စိစစ်ချက်မှာဖော်ပြပါတယ်။

သုံးသပ်ချက်

နို့ထွက်ပစ္စည်းတွေထဲက နို့ကြည်ရည်(Colostrum)က ဆီးချိုလက္ခဏာတွေကို သက်သာစေနိုင်တယ်ဆိုတဲ့ အထောက်အထားတချို့တွေ့ရပေမဲ့ ကနဦးလေ့လာတွေ့ရှိချက်အဆင့်သာဖြစ်ပြီး ဒီနို့ထွက်ပစ္စည်းနဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုပဲ ဆီးချိုအမျိုးအစား ၂ ဟာ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေပြီး ဒီလို စားသောက်မှုပုံစံအပြောင်းအလဲဟာ နို့ထွက်ပစ္စည်းတခုခု သို့မဟုတ် ဖြည့်စွက်စာတခုခုကို စားသုံးရုံနဲ့ သက်သာပျောက်ကင်းနိုင်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။

ပြောဆိုချက်- Diaglusure နို့မှုန့်က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်

Avatar

Title:Fact Check: နို့ထွက်ပစ္စည်းက ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်စေ နိုင်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင်

Result: Insight