
BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ BGF ခေါင်းဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဆီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။
“စောချစ်သူ လုပ်ကြံခံကပီဟေ့
BGF ခေါင်းဆောင် စောချစ်သူလုပ်ကြံခံရသဖြင့်
အရေးပေါ်ဆေးရုံတင်ထားကတဲ့ဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မှာ ဒီချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။
တကယ်တမ်းမှာ ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “မြ၀တီမြို့ BGF ဂိတ်တွင်ပေါက်ကွဲမှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့နှင့် ပြည်သူ ၁ ဦး သေဆုံး၊ ပေါက်ကွဲမှုသတင်း အမှောင်ချထား”၊ “PDF ကို ကြောက်နေရ၍ ရေနံမြေရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်များတွင် သွားရောက် တာဝန်မထမ်းရရေး အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရ”နဲ့ ဒီပဲယင်းနယ်ထဲမှာ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲလို့ ၆ ယောက်သေဆုံးပြီး ၁၇ ဦးဒဏ်ရ စတဲ့ သတင်းတွေ ဖြစ်စေတယ်။

မေလ ၉ ရက် ညနေက မြဝတီမြို့က BGF ဂိတ်မှာ ဗုံးပေါက်ကွဲမှုကြောင့် BGF တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ မီဒီယာတွေမှာဖော်ပြပေမဲ့ ဒီလိုထိခိုက်သေဆုံးမှုမှာ BGF ခေါင်းဆောင် စောချစ်သူပါဝင်တယ် ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။
သုံးသပ်ချက်
ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ မြ၀တီမြို့ BGF ဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့နဲ့ ပြည်သူ ၁ ဦး သေဆုံးမှုသတင်းကို လိုအပ် သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တော့ BGF ခေါင်းဆောင် စောချစ်သူ ထိခိုက် ဒဏ်ရာရတယ်ဆိုတဲ့ အထောက်အထားမရှိသလို ဆေးရုံတက်ရတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။
ပြောဆိုချက်- BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်

Title:Fact Check: BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရပြီး သေဆုံးဆိုတဲ့သတင်းတု
Fact Check By: နေရာမောင်Result: False