
ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
“ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ရန်ကုန်ခေတ်သစ်မီဒီယာ ကဖော်ပြခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ ဧပြီလ ၁၁ ရက်နေ့က ကျွေးမွေးလှူဒါန်းနေပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
အခြားသောဓာတ်ပုံတွေကိုလည်း ဒီသတင်းဖော်ပြချက်မှာပဲ အောက်ပါအတိုင်းဖော်ပြချက်တွေ့ရပါတယ်။

အညာဒေသ ကျေးလက်မှာ ပွဲတစ်ခုလုပ်ရင် ထမင်းကျွေးမွေးတဲ့ ဓလေ့ရှိပြီး ကလေး၊လူကြီး စုံစုံလင်လင် လာရောက်လေ့ ရှိပါတယ်။ အခုလည်း ကျောင်းသားတွေ ကျောင်းမတက်ခင် ထမင်းကျွေး မဏ္ဍပ်ထဲမှာ ထမင်းကျွေးနေစဉ်မှာ ဖြစ်တာကြောင့် ကျောင်းသားသူ ၃၀ထက်မနည်းဒီသေဆုံးမှုတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်မီဒီယာကပဲဖော်ပြပါတယ်။
သုံးသပ်ချက်
ကန့်ဘလူ ပဇီကြီး ကျေးရွာမှာ မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အခမ်းအနားတစ်ခုမှာ ရောက်နေတဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တာမှန်ပေမဲ့ ဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေသူတွေဖြစ်ပြီး အလှူရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ဧပြီ ၁၁ ရက်က ကျွေးမွေးလှူဒါန်းမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ပြောဆိုချက်- ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်

Title:Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ
Fact Check By: နေရာမောင်Result: Misleading