Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရရှိ ထားတယ်။

“ထိုင်ပါလီမန် ကြေညာချက်ထုတ်ပြန်ပြီ NUG ကိုတရားဝင်အသိမှတ်ပြုဖို့ ထိုင်းပါလီမန်အတည်ပြု”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအ ရာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ အတွေးအမြင် ဆောင်းပါးတခုကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ မူလ ရေးသားဖြန့်ဝေချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ မူလရေးသားချက်မှာ ထိုင်းအတိုက်အခံ ပါတီဖြစ်တဲ့  ရှေ့သို့ချီ ပါတီ(Move Forward Party)က ကမကထပြုပြီး ထိုင်းလွှတ်တော် အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်စတဲ့ ကိုယ်စားလှယ်တွေနဲ့ နှစ်နိုင်ငံ အကြား လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူသားချင်းစာနာထောက်ထားမှုအရေးများ ‌‌အမြင်ချင်း ဖလှယ်ခဲ့ကြောင်းနဲ့  ယင်း လူသားချင်း စာနာထောက်ထားမှု အစီအစဉ်တွေအပေါ် အာဆီယံနဲ့ အမေရိကန်ကလည်း ထောက်ခံကြောင်း၊  နှီးနှောဖလှယ်ပွဲ အပြီးမှာ ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျရိုနတ် မှ “X” မှာ ထိုင်း ပါလီမန်ဟာ မြန်မာ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်သွားမည်ဟု ရေးသားခဲ့ကြောင်း စသည်ဖြင့် ရေးသားခဲ့တာဖြစ်တယ်။ အထူးသဖြင့် ထိုင်းလွှတ်တော်အတွင်း ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ် ထိုင်းအစိုးရရဲ့ ချဉ်းကပ်မှု ပုံစံအပြောင်းအလဲ တခုဖြစ်ကြောင်းလည်း ဆောင်းပါရှင်က သုံးသပ်ပါတယ်။ 

သုံးသပ်ချက်

ထိုင်းလွှတ်တော်မှာ အတိုက်အခံအမတ်တွေက ကမကထလုပ်ပြီး NUG နဲ့ တိုင်းရင်းသားခေါင်း‌ ဆောင်အချို့ ပါဝင်တဲ့ မြန်မာနိုင်ငံ အာဏာသိမ်းမှု ၃ နှစ်အလွန် ထိုင်းနိုင်ငံအပေါ်ရိုက်ခတ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆွေးနွေးပွဲ အကြောင်းကို အခြေပြုပြီး NUG အပေါ် ထိုင်းနိုင်ငံက စဉ်းစားချက်အပြောင်း အလဲဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို လိုအပ်သလို ခေါင်းစဉ်တပ်ထားတယ်။ NUG ကို တရားဝင်အစိုးရ အဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြု

Avatar

Title:Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *