
မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။
“၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” မီဒီယာက ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် ဖော်ပြခဲ့တဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ကုလသမဂ္ဂရဲ့ မှတ်တမ်းရေးရာဌာနမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြုထားဆဲဆိုတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို အောက်မှာ ကြည့်ပါ။
နောက်ထပ် ဗွီဒီယိုပါ သတင်းတွေကတော့ မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ ပခုက္ကူတွင် စစ်တပ် ယာဥ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တွံတေးမြို့ရှိ ကင်းဂိတ်တစ်ခုကို PDF ပစ်ခတ်တိုက်ခိုက်စတဲ့သတင်းတွေကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။
သို့သော် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးဖို့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက တောင်းဆိုနေတာဖြစ်တယ်။
သုံးသပ်ချက်
ကုလသမဂ္ဂက မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂတပ်တွေစေလွှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကိုချက်ချင်းလွှတ်ပေးဖို့နဲ့ ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ အမိန့်ထုတ်တယ်ဆိုတာ မဟုတ်ဘဲ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီ

Title:Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား
Written By: နေရာမောင်Result: False