
ရန်ကုန်တိုင်း သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်
ဘုရားကုန်းကျေးရွာအထွက်က
မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။
နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။
လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ
ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း
အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင်
ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။
လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး အေးအေးဆေးဆေး Chill လို့ရပါပြီ ။”

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ထို့အတူ ဒီဓာတ်ပုံတွေကိုပဲ ရန်ကုန် စမ်းချောင်းမြို့နယ် ဗားကရာကျောင်းအနားက စမ်းချောင်းလေးနဲ Resort လေးဆိုပြီးမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ ဒီလိုမျှဝေထားတဲ့ ပို့စ်တွေကို လေ့လာကြည့်ရမှာ အများစုအတွက် နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံတွေကို ရှာဖွေကြည့်ရာမှာ ထိုင်းနိုင်ငံက အပန်းဖြေနေရာ တခုက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါ တယ်။
လောင်ဖွန်ဥယျာဉ်(Lung Porn’s Garden)အမည်ရ အပန်းဖြေစခန်းအကြောင်းရေးသားထားတဲ့ ခမာဘသာနဲ့ လူမှုဘဝအသားပေး ဝက်ဘ်ဆိုဒ်တခုမှာ ဒီဓာတ်ပုံတွေ ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်းက ဖော်ပြခဲ့ပါတယ်။ Google Translate အသုံးပြုပြီး မူလခမာဘာသာကန မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ထိုင်းနိုင်ငံ နခွန်နယုတ်(Nakhon Nayok)ခရိုင်မှာရှိတဲ့ ဒီအပန်းဖြေစခန်းကို ဘန်ကောက်မြို့ကနေ ၂နာရီအတွင်း ရောက်နိုင်တဲ့အကြောင်း၊ ဝင်းကြေးမှာ ထိုင်းငွေ ဘတ် ၂၀ ဖြစ်ကြောင်း စသည့်ဖြင့် ရေးသားမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Sabay | Archive link
အခြားသောဓာတ်ပုံတွေကိုလည်း ဒီဝက်ဘ်ဆိုဒ်မှာ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံ နခွန်နယုတ်ခရိုင်က အပန်းဖြေစခန်းတခုက ဓာတ်ပုံတွေဖြစ်တယ်။ အခုဓာတ်ပုံတွေကိုပဲ ဖေ့စ်ဘွတ်မှာ သန်လျင်က အပန်းဖြေစခန်းတခု၊ ရန်ကုန်မြို့လယ် ဗားခရာအနီးက အပန်းဖြေစခန်းတစ်ခုအဖြစ် သရော်ဖြန့်ဝေ မှုတွေကနေ အခုလိုမျိုး နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာဖြစ်လာတာတွေ့ရပါတယ်။
ပြောဆိုချက်- ရန်ကုန်တိုင်း သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်း

Title:Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ
Written By: နေရာမောင်Result: Misleading