
ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။
“#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်…
ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…
ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ ပုံနဲ့တကွ အောက်ပါအတိုင်းရေး သားထားပါတယ်။
“ယမန်နေ့ ၆-၄-၂၀၂၁ ရက် နေ့လယ် ၂:၀၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်၌ ၅၆ လက္မ M.S ဂျိုးဖြူပိုက်လိုင်း ပေါက်ခြင်းဖြစ်ပေါ်ခဲ့ပါသည်။ ရေပိုက်ပေါက်ပြုပြင်ခြင်းလုပ်ငန်းအားအရေးပေါ်ဆောင်ရွက်နိုင်ရန် ဂျိုးဖြူရေ လှောင်ကန် ပိုက်လိုင်းအရင်းမှ ရေဗားပိတ်ခြင်း၊ ထပ်ဆင့်ရေတွန်းစက်ရုံကြီးများဖြစ်သော ပျော်ဘွယ်စု ရေတွန်း စက်ရုံ၊ ရေကူးရေတွန်းစက်ရုံများ ခေတ္တရပ်နားထားရခြင်းများ ဆောင်ရွက်ထားရ၍ ဂျိုးဖြူရေကို ပိုက်လိုင်းမှ တိုက်ရိုက်သုံးစွဲလျက်ရှိသော မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်များတွင်လည်းကောင်း၊ ရေကူး ရေတွန်းစက်မှတစ်ဆင့် သုံးစွဲလျက်ရှိသော ရန်ကင်း၊ ကမာရွတ်၊ တာမွေ၊ တောင်ဥက္ကလာပ၊ ဗဟန်းမြို့နယ် များတွင်လည်းကောင်း၊ ရေကူးရေတွန်စက်မှတွန်းတင်ပြီး ကုက္ကိုင်းရေဖြန့်ဖြူပေးဝေရေး ရေလှောင်မှ Gravity Flow ဖြင့် ရယူသုံးစွဲလျက်ရှိသော ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်မြို့နယ်များတွင်လည်းကောင်း ရေပေးဝေမှုပြတ်တောက်ခဲ့ ရပါသည်။”စသည်ဖြင့် ရေးသားထားပါတယ်။
အဲဒီနောက်မှာလည်း အခုလို ရေပိုက်ပေါက်တာဟာ ဖျက်ဆီးခံရဆိုတဲ့ ထုတ်ပြန်ချက်မျိုးမတွေ့ရပါဘူး။
မူရင်းလင်ခ့် – YCDC | Arc hive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရေပိုက်ပေါက်ပြီးရေလျှံနေတဲ့ ဓာတ်ပုံဟာ ရေပေးဝေရေးဌာနက ဧပြီအစောပိုင်းမှာ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး ရေပိုက်လိုင်းကို ဆန္ဒပြသူတွေက ဖောက်တယ်ဆိုတာမျိုး အထောက်အထား မတွေ့ရပါဘူး။

Title:ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ
Fact Check By: Zun ZeeResult: Missing Context