
စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။
ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း
သားလေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်းဖြစ်သည်။ ဖြစ်စဉ်အသေးစိတ်အား မဲခေါင်သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။”လို့ရေးသားထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဟာ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက မြဝတီခရိုင် ကနဲလေး ကျေးရွာအနီးမှာ လမ်းလုပ်သားအရပ်သားတွေ သတ်ဖြတ်မှုလို့ မြန်မာစစ်တပ်ဘက်က စွပ်စွဲခဲ့တဲ့ KNDO က မြန်မာစစ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်ပါတယ်။
ဒီဗွီဒီယိုကို KNLA တပ်မဟာ ၅ မှာ တော်လှန်ရေးလူငယ်အမျိုးသား အမျိုးသမီး ၄၅၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဗွီဒီယိုဆိုပြီးတော့ စစ်တပ်ထောက်ခံသူတွေက မျှဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားကို ဒီလင့်ခ်မှာကြည့်ပါ။

စစ်ကိုင်းတိုင်းအတွင်းမှာ မြန်မာစစ်တပ်က ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ဖော်ပြခဲ့ ပြီးနောက်မှာ မဲခေါင်သတင်းဌာနက “ရုပ်သံမှတ်တမ်းတစ်ခုအား မှားယွင်းဖော်ပြမိကြောင်း ပရိသတ်အား အသိပေးတောင်းပန်ခြင်း”ဆိုပြီးတော့ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ဇူလိုင် ၂၃ ရက်နေ့က ပြန်လည်ရှင်းလင်း အသိပေးထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
စစ်ကိုင်းတိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု၊ ရွာတွေကိုမီးရှို့မှု ကျယ် ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာတွေ့ရပါတယ်။ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။ သို့သော်လည်း ယခုဗွီဒီယိုဟာ ကရင်ပြည်နယ် ကနဲလေးရွာအနီးမှာ မြန်မာစစ်သားတွေကို ပြန်လည်မြှုပ်နှံနေမှုဖြစ်တာတွေ့ရပြီး စစ်ကိုင်းတိုင်း က အပြစ်အပျက်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Title:Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့
Fact Check By: Nayar MaungResult: False