
ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။
“Sept 25
“ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို”
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း မသေရုံတမယ် အရိုက်ခံရပါတယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်သူတစ်ဦးက ပြောပါတယ်။
ကရင်နီအကြမ်းဖက်အုပ်စုတွေဟာ တပ်မတော်စစ်ကြောင်း အရောက်အပေါက်နည်းတဲ့ ဒေသတွေက ကျေးရွာတွေမှာ အကြမ်းဖက် ဓားပြတိုက်၊ ဆက်ကြေးကောက်ပြီး မပေးနိုင်ရင် အိမ်တွေကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#mhtnews”လို့ ရေးသားပြီး “သတင်း တမာန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

စက်တင်ဘာ ၂၇ ရက် Thadinn အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာ “စစ်အစိုးရတပ်များက အရပ်သားများ၏ တိရစ္ဆာန်များ ကို ခိုးယူ အမဲဖျက်”လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်း တစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားပါတယ်။ ဆက်လက်ပြီး ခေါင်းစီးအပိုဒ်ကို ဘာသာပြန်ဆိုကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။
“ကရင်ပြည်နယ်၊ ဖရူဆိုမြိုနယ် ထီးကူးဆိုရပ်ကွက်ရှိ ဒေသခံများ၏ ကျွဲနွားများကို စစ်အစိုးရနှင့် ရဲတပ်ဖွဲ့က ခိုးယူသတ်ဖြတ်နေကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ယနေ့ (စက်တင်ဘာ ၂၄ ရက်) သတင်းထုတ်ပြန်ခဲ့သည်။
KNDF တပ်ရင်း (၁၅) နှင့် တပ်ရင်း (၄) မှ ဒေသခံများ၏ ကျွဲနွားများကို ခိုးယူသတ်ဖြတ်ကာ ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်သွားသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ယမန်နေ့ ညနေ (၄း၀၀) နာရီအချိန်ခန့်က တွေ့ရှိပြီး မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။”

မူရင်းလင်ခ့် – Thadinn | Archive link
Karenni Nationalities Defense Force-KNDF ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း စက်တင်ဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။
“ဖရူဆိုမြို့တွင် ပြည်သူပိုင်နွားများအား ခိုးယူသတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း” လို့ရေးသားထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ “စက်တင်ဘာလ (၂၃) ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့်မြို့မရဲစခန်းမှ ရဲအချို့သည် ပြည်သူပိုင်နွားများအား ခိုးယူသတ်ဖြတ်၍ ယူဆောင်လာစဉ် မိမိတို့ KNDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
ယူနီဖောင်းဝတ်အချို့နှင့် အရပ်ဝတ်အချို့ဝတ်ထားသော စစ်ကောင်စီတပ်သားများနှင့် ရဲများအပါအဝင် အင်အား (၁၀) ဦးမှာ ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း ဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နွားများကို ခိုးယူသတ်ဖြတ်ကာ ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်နေသည်ကို တွေ့ရှိခြင်းကြောင့် KNDF B/15 နှင့် B/04 တို့ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
မိမိတို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ သယ်ဆောင်ခဲ့သော နွားအသေများနှင့်အတူ ဆိုင်ကယ် (၂)စီးအား ထားခဲ့၍ ထွက်ပြေးသွားခဲ့ပြီး နှစ်ဖက်ထိတွေ့မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ၎င်းတို့ထွက်ပြေး သွားစဥ် ကျန်ခဲ့သော ဆိုင်ကယ် (၂)စီးနှင့် သတ်ဖြတ်ခံထားရသောနွားများအား မိမိတို့ဖက်မှ ပြန်လည် သိမ်းဆည်းကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။”
သုံးသပ်ချက်
Karenni Nationalities Defense Force-KNDF ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန် ထားတဲ့ ဓာတ်ပုံကိုအသုံးပြုပြီး လိုအပ်သလို ဝါဒဖြန့်ရေးသားနေတာတွေ့ရပါတယ်။ မူရင်းအမှန်မှာ ဖရူဆိုမြို့ ထီးကူးဆိုရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နွားတွေကို ခိုးယူသတ်ဖြတ် သယ်ဆောင်နေစဉ် KNDF အဖွဲ့ရဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။

Title:Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False