Fact Check: QUAD က မြန်မာကို စစ်ရေးအရ အရေးယူမယ့် သတင်းတု
မြန်မာအရေးမှာ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် QUAD အဖွဲ့က ပြောဆိုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့ချန်နယ်တွေမှာ ယခုရက်ပိုင်း ဖြန့်ဝေနေတာမှာ ...
မြန်မာအရေးမှာ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် QUAD အဖွဲ့က ပြောဆိုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့ချန်နယ်တွေမှာ ယခုရက်ပိုင်း ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သို့မဟုတ် ချဲ့ကားရေးသားပြောဆိုချက်တွေသာဖြစ်တယ်။
Also read - Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ
“Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ပြောဆိုမှုတွေကို အခြားသော ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Khit Thit Media”နဲ့ “ Share Local Media”တို့ကလည်း ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။
“မြန်မာအရေး စစ်မိန့်ပေးပြီ
မြန်မာစစ်ကောင်စီပြုတ်ကျရေး စစ်ရေးနဲ့ဖြေရှင်းမည်ဟု
QUAD-၄ နိုင်ငံပြင်ဆင် NUGကိုစစ်ကူပေးမည်”( မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါ။ အခုလို စစ်ရေးအရ မြန်မာနိုင်ငံကို အရေးယူမယ်လို့ QUAD အဖွဲ့ကပြောတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေကို ဖော်ပြထားတဲ့ “Khit Thit News”၊ ““Khit Thit Media”၊ “ Share Local Media”စတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။
Quadrilateral Security Dialogue ဆိုတဲ့စကားလုံးတွေကို အတိုခေါက်ပြီး QUAD အဖွဲ့လို လူသိများတဲ့ ဒီအဖွဲ့မှာ အမေရိကန်၊ဩစတေးလျ၊ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်ပြီး အင်ဒိုပစိဖိတ်ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖို့ဆိုပြီးတော့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီ ၄ နိုင်ငံဟာ ၂၀၀၇ ခုနှစ်ကစပြီး ပုံမှန်တွေ့ဆုံဆွေးနေမှု၊ ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝဲလ်မင်တန်(Wilmington)၊ ဒလဝဲယားမြို့(Delaware)မှာ ဒီလေးနိုင်ငံက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး အင်ဒိုပစိဖိတ်ဒေသ လုံခြုံရေး၊ စီးပွားရေး၊ ကပ်ရောဂါ ကာကွယ်နဲ့ ကင်ဆာတိုက်ဖျက်ရေးတို့မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီးအမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ၊ လူသားချင်းစာနာထောက်မှု အကူအညီများ ခွင့်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ဒီမိုကရေစီ လမ်းကြောင်းပြန်သွားရန်၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်တွေ မြန်မာနိုင်ငံကို ဝင်ရောက်မှုကို တားဆီးရန် တောင်းဆိုခဲ့တာတွေ့ရပါတယ်။
အခုလို စစ်ရေးအရ အရေးယူဖို့ QUAD နိုင်ငံတွေက ပြောတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေထဲမှာဖော်ပြခဲ့တဲ့ သတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တာ လည်းတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
Also read - Fact Check: တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု
သုံးသပ်ချက်
မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းမှုကို တားမြစ်ဖို့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာဖော်ပြပေမဲ့ မြန်မာအရေးမှာ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် QUAD အဖွဲ့က ပြောဆိုတဲ့အကြောင်း အထောက်အထားမတွေ့ရပါဘူး။ အခုလို ဗွီဒီယိုတွေ မျှဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ပြီး ကြည့်ရှု့မှုများ ပြားစေဖို့ လှည့်စားဖြန့်ဝေလေ့ရှိတယ်။