
ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေလို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ လေထီးခုန်နေသူအများအပြားကို ရိုက်ကူးထားဟန်ရှိပြီး လေယာဉ်တစ်စီး ပျံသန်းသွားတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ဗွီဒီယိုဖြစ်တာတွေ့ရပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
“ ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော
ရုရှားလေထီးတပ်သားများ
Video Crd”လို့ ရေးသားပြီး “Harry – Forex Business Consultant”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော် ဝါရီ ၂၅ ရက်က ဒီဗွီဒီယိုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၂၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီစွာရေးသားမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ဗွီဒီယိုကို InVID ဆော့ဖ်ဝဲလ်အသုံးပြုပြီး ရုပ်ငြိမ်ဓာတ်ပုံထုတ်ပြီး ရလာတဲ့ ဓာတ်ပုံတွေကို ရုရှားစကား ပြောသူတွေ အသုံးများတဲ့ Yandex မှာ ရလာဒ်တွေ ပြန်လည်ရှာဖွေကြည့်ရာမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။

ဒီရလာဒ်တွေထဲက ပထမလင့်ခ်ဟာ ၂၀၁၉ ခုနှစ်က တင်ထားတဲ့ဗွီဒီယိုဖြစ်ပြီး ဒုတိယနဲ့ တတိယရလာဒ်ဟာ ၂၀၁၈ ခုနှစ်ကကတည်းက တင်ထားတာတွေ့ရပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

အဲဒီနောက် ဒီဗွီဒီယို ရုရှားဘာသာစကားနဲ့ စာသားကို ကူးယူပြီး Google မှာ နောက်ထပ်ရလာဒ်တွေကို ရှာဖွေ ကြည့်ရာမှာ ၂၀၁၇ ခုနှစ်ထဲမှာ “Grey-shop.ru”အမည်နဲ့ တွစ်တာစာမျက်နှာမှာ ဒီတူညီတဲ့ ဗွီဒီယိုကို မျှဝေ ထားပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။
“Rostov ဒေသမှာ ရုရှား VDV တပ်ရင်းက လေထီးခုန်တပ်သားများစွာ(လေထီးတပ်သား ၂၀၀၀ ဝန်းကျင်) နောက်ထပ်အချက်အလက်အတွက် http://facebook.com/Armyinside”
မူရင်းလင်ခ့် – Grey-shop.ru | Archive link
Rostov ဒေသဟာ ရုရှားနိုင်ငံက အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်ပါတယ်။
အထက်ကရလာတဲ့ အင်္ဂလိပ်ဘာသာနဲ့ အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရလာဒ်တွေကို ထပ်မံရှာကြည့် ရာမှာ ဒီဗွီဒီယိုပါမြင်ကွင်းတစ်ချို့ပါဝင်တဲ့ ဗွီဒီယိုကို ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်ကတည်းက ” vexed123″ အမည်နဲ့ youtube channel တင်ထားတာတွေ့ရပါတယ်။ ဗွီဒီယိုခေါင်းစဉ်စားသားအဖြစ် ” 15000 troops paradropped in Rostov Oblast Region – Great Footage”လို့ ရေးသားထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – vexed123 | Archive link
ဒီဗွီဒီယိုဟာ အခြားသော ဘာသာစကားနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူများအကြားမှာလည်း ပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သို့ သော် ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်ပြီး အချက်အလက် စိစစ်တဲ့အဖွဲ့အစည်း အချို့က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေဆိုပြီး မျှဝေနေတဲ့ ဗွီဒီယိုဟာ ရုရှားနိုင်ငံ Rostov ဒေသမှာ ၂၀၁၄ ခုနှစ်က စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဗွီဒီယိုက ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီး တပ်သားတွေ မဟုတ်ပါ
Fact Check By: Nayar MaungResult: False