
အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါလို့ အရင် စစ်အာဏာရှင် ဦးသန်းရွှေပြောလို့ လက်ရှိအာဏာရှင်က ဖမ်းဖို့ လုပ်နေတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းလျှက်ရှိပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှတ်ဉာဏ်ချို့ယွင်းမှုအပြင်းအထန်ဖြစ်ပွားနေတဲ့အကြောင်း သတင်းမီဒီယာ တစ်ခုကဖော်ပြချက်ကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။
“(၂၄)ရက်နေ့ ဦးသန်းရွှေ ဒဲ့ဆော်ပြီ အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါတဲ့ ဖမ်းဖို့လုပ်နေကြပြီတဲ့”လို့ စသည်ဖြင့် ရေးသားပြီး “Appreciate News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်မှုမှုပေါင်း ၄ သိန်းဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ဒီဗွီဒီယိုကို “Burmese Political”အမည်နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့မျှဝေထားတာတွေ့ရာမှာ ကြည့်ရှူ့မှုပေါင်း ၁၄၀၀၀ ကျော်ရှိပါတယ်။
အချက်အလက်စိစစ်ချက်
ဒီလိုမျိုးရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ကြည့်ရှူ့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ CJ Platform က ဖေဖော်ဝါရီ ၂၃ ရက်ကဖော်ပြခဲ့တဲ့ “အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါ ဆိုးရွားလာ၊ အသိဉာဏ် မပျောက်ဆုံးမှီ ဝိနည်းနှင့်အညီ နေထိုင်သည့် ဆရာတော်ကြီးများအား ပင့်ဆောင်သော် လည်း ငြင်းပယ်ခံရ”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ သတင်းအဖြည့်အစုံကို ဒီလင့်ခ်မှာတွေ့ရပါတယ်။

၉မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ အခြားသောသတင်းတွေဟာလည်း ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းအချို့ကိုပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပါတယ်။
အရပ်သားတပိုင်းအစိုးရအဖြစ် ၂၀၁၁ ခုနှစ်မှာ မပြောင်းလဲမီ သူရာထူးစွန့်လွှတ်ခဲ့တဲ့ တပ်ချုပ်ရာထူးနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာရှင်ဟောင်း ဦးသန်းရွှေကပဲ ခန့်အပ်ခဲ့တာပဲဖြစ်ပြီး စစ်အာဏာသိမ်း အပြီးမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေကို သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။
သုံးသပ်ချက်
အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးတဲ့ရောဂါပြင်းထန်စွာခံစားနေရတဲ့ အကြောင်းရေး သားထားတဲ့ သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာသိမ်းထားသူ မင်းအောင်လှိုင်ဟာ အရင် စစ်အာဏာရှင်ဟောင်းကို အမြင်မကြည်လင်မှု သို့မဟုတ် အရင်စစ်အာဏာရှင်ဟောင်းက အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြောဆိုချက်မျိုး အခြား သတင်းမီဒီယာကျင့်ဝတ် နဲ့အညီရေးသားတဲ့ သတင်းဌာနတွေမှာမတွေ့ရပါဘူး။

Title:Fact Check: အရည်ချင်းရှိတဲ့သူကို နေရာပေးပါလို့ ဦးသန်းရွှေပြောလို့ ဖမ်းဖို့လုပ်နေပြီဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading