Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။

 “အမြင်မှန်ရလို့ဝန်ခံတာကို

အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ စွန့်ဦးတီထွင်သူတွေကို ဖိတ်ခေါ်ဆွေးနွေးလေ့ရှိတဲ့“Reuters Next” အစီအစဉ်မှာ ပြောကြားချက်ဗွီဒီယိုရဲ့ အစိတ်အပိုင်းဖြစ်တာ တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ရိုက်တာသတင်းဌာနဲ့ “Reuters Next” အစီအစဉ်မှာ သမ္မတဒူဝါလရှီးလကို စစ်အာဏာသိမ်း ၂ နှစ်တာကာလလောက်ရှိနေချိန်မှာ မြန်မာနိုင်ငံ တော်လှန်ရေး အခြေအနေပတ်သက်ပြီး ၁၈ မိနစ်ကျော် မေးမြန်းဆွေးနွေးမှုမှာ ကနဦးမေးမြန်းချက်ထဲကဖြေကြားချက်ဖြစ်တဲ့ “ကျွန်‌တော်တို့ မြန်မာနိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာလုယူဖို့ကြိုးစားတဲ့အချိန်ကနေစပြီး ကျွန်တော်တို့မှာ တခါမှမကြုံဘူးလောက်အောင် ဒုက္ခဆင်းရဲ တွေလည်း ခံစားရပါတယ်။ ပြည်သူလူထုဟာ ငြိမ်းချမ်းစွာနဲ့ပဲ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပြီးဖြစ် ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ ဒါကို ဂရုမစိုက်ဘဲနဲ့ အကြမ်းဖက်နည်းနဲ့ နှိပ်ကွပ် ရက်စက်သတ်ဖြတ်လာမှုကြောင့် ကျွန်တော်တို့နိုင်ငံဟာ ပြည်သူလူထုမြောက်များစွာ အသက်သေကြေခဲ့ရပါတယ်။ ဒါကြောင့်မို့လို အခုချိန်အထိ လူဦးရေ ၂၄၀၀ ကျော်လောက် အပြစ်မဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ လူ ၂၄၀၀၀ လောက်က မတရားဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။အလားတူပဲ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးမှာ အိမ်ခြေပေါင်း ၃၀၀၀၀ ကျော်လောက်ကို ကျွန်တော်တို့ မီးရှို့ဖျက်ဆီးပြီးတော့ ထွက်ပြေးတိမ်းရှောင်နေတာကလည်း ၁ ဒဿမ ၃ သန်းလောက်ရှိတယ်ဆိုတာကို သိရပါတယ်။ အဲလောက်ထိ ဒုက္ခဆင်းရဲရောက်နေပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုဟာ စစ်ကောင်စီကို လုံးဝအမြစ်ဖြုတ်ဖို့ တော်လှန်ဖို့ကြိုးစားနေတဲ့အခါမှာ အခုချိန်မှာ အောင်မြင်မှုတွေအများကြီး ရနေပါပြီ”စသည်ဖြင့် ပြောကြားချက်ကို ဖြတ်ထုတ်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ 

ထုတ်လွှင့်ခဲ့တဲ့ သမ္မတ ဒူဝါလရှီးလနဲ့ မေးမြန်းချက်အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။ မူရင်း Reuters သတင်းဌာနကထုတ်လွှင့်ချက်အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက သမ္မတကို ဝေဖန်တယ်ဆိုတဲ့ ဗွီဒီယိုဟာ ဖေဖော်ဝါရီ ၂၈ ရက်က Project Dragon Fly စီမံကိန်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ပန်ဆယ်လိုရဲ့ ပြန်လည်တုန့်ပြန်ဖြေရှင်းမှု ဗွီဒီယိုက ရယူထားခြင်းဖြစ်ပါတယ်။  အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုမှာ  မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆိုချက်ကို အဖြစ်အပျက် တစ်ခုထဲကို ဖော်ညွှန်းသယောင် ပြန်လည်တည်းဖြတ်ဖော်ပြထားခြင်းဖြစ်သလို မူလပြောဆိုထားတဲ့ ပြောဆိုချက် ဆိုလိုရင်းတွေနဲ့ ဆန့်ကျင်ဘက်မျှဝေထားတာတွေ့ရပါတယ်။

ပြောဆိုချက်- အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံ

Avatar

Title:Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *