
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့ရင် သေဒဏ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုက မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။ “ဒေါ်စုပုံတွေ့ရင် သေဒဏ်ဟု စစ်ကောင်စီ ပြင်းထန်အမိန့်ထုတ် ပြည်သူအားလုံး သတိပြုရန်”စသည်ဖြင့် ရေးသားထားပြီး MRTV ရုပ်သံကြေညာသူ၊ စစ်ကောင်စီ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းဓာတ်ပုံတို့နဲ့ အတူ မျှဝေထားတာဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီ တပ်သားတွေက ဒေသခံ ပြည်သူတွေရဲ့ ဖုန်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဓာတ်ပုံတွေရင် အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေတဲ့အကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်အသုံးပြုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူရင်း သတင်းဖော်ပြချက်ကို အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – Ayeyarwaddy Times | Archive link
ဧရာဝတီတိုင်းမှာ ဧည့်စာရင်းစစ်ရင်းနဲ့ ဖုန်းထဲမှာဖြစ်စေ အိမ်မှာဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ဓာတ်ပုံတွေ့ရင် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေနဲ့ အရေးယူလေ့ရှိတယ်လို့ ဒီသတင်းမှာဖော်ပြပါတယ်။ ဒီသတင်းကို လွတ်လပ်တဲ့ အာရှအသံကလည်းဖော်ပြတာရှိပါတယ်။ သို့သော်လည်း ဒီလိုအရေးယူတာမှာ သေဒဏ်ပေးတယ်လို့ သတင်းထဲမှာ ရေးသားထားမျိုးတော့ မရှိသလို ဘယ်ပုဒ်မနဲ့ အရေးယူတယ်လို့လည်း ဖော်ပြတာတော့ မပါဝင်ပါဘူး။ စစ်ကောင်စီကျင့်သုံးနေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေထဲက ပြစ်မှုဆိုင်ရာ ပုဒ်မတွေမှာ ထောင်ဒဏ် ၁ နှစ်၊ ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တာတော့ရှိပါတယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ သမ္မတဦးဝင်းမြင့် ဓာတ်ပုံတွေကို ဖုန်းထဲမှာဖြစ်စေ နေအိမ်မှာဖြစ်စေတွေ့ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူတယ်လို့ ဧရာဝတီတိုင်းမ်းသတင်းမှာဖော်ပြထားပေမဲ့ သေဒဏ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒီလိုထုတ်ပြန်တယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့ရင် စစ်ကောင်စီက သေဒဏ်ချမှတ်

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် သေဒဏ်လို့ စစ်ကောင်စီအမိန့်ထုတ်တဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းတု
Written By: နေရာမောင်Result: Misleading