ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အကျဉ်းသား ၈၀၀၀ ခန့်လွတ်လာပြီ
အမေစုနဲ့ သမ္မတ ကြီး သတင်းအထူးရှယ်
နိုင်ငံတော်အဆင့် သတ်မှတ်ကြေညာ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ ပြန်လည်ဖော်ပြနေတဲ့အကြောင်းအရာဟာ ဇွန် ၁၄ ရက်မှာ မြန်မာနောင်းသတင်းဌာန ကဖော်ပြခဲ့တဲ့ “၈၀ ပြည့်နှစ် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခရီးကြမ်း”ဆိုတဲ့ ဆောင်းပါး ပဲဖြစ်တယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဆောင်းပါးထဲမှာ ၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်နုပျိုစဉ်ကတည်း ဒီမိုကရေစီရေး ခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်တဦးအနေနဲ့ စစ်တပ်အုပ်စိုးသူတွေရဲ့ လှည့်စားလိမ်ညာမှုအောက်မှာ ရပ်တည်ခဲ့ရပုံ၊ အာဏာရလာပြီး အစိုးရအဖွဲ့ခေါင်းဆောင်တဦးအနေနဲ့ ရင်ဆိုင်ခဲ့တဲ့ ဖိအားတွေ၊ ၁၉၈၈ ခုနှစ်နဲ့ လက်ရှိစစ်အာဏာသိမ်းမှုအကြား ကမ္ဘာ့နိုင်ငံရေးအခင်းအကျဉ်း တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ချယ်မှုန်းရေးသားထားတာြစ်တယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာတယ်ဆိုတာ မဟုတ်ပါဘူး။ “Mandalay khitThit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိပါတယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာတဲ့သတင်းတု
Written By: နေရာမောင်Result: False