
ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။
အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်က ဆေးပညာရပ်နဲ့ နိုဘယ်ဆုရခဲ့တဲ့ ဂျပန်နိုင်ငံသားဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ တူညီတဲ့ ဓာတ်ပုံကို ဗြိတိန်သတင်းဓာတ်ပုံရောင်းဝယ်ရေးဝက်ဘ်ဆိုဒ် Getty Images မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်ကဖော်ပြထားတာတွေ့ရပါတယ်။ ဓာတ်ပုံနဲ့အတူဖော်ပြချက် စာသားကတော့ကအောက်ပါအတိုင်းဖြစ်တယ်။
“၂၀၁၆ ဆေးပညာ နိုဘယ်ဆု- ဂျပန်နိုင်ငံမှ Yoshinori Ohsumi
ယိုကိုဟားမား၊ ဂျပန်နိုင်ငံ၊ အောက်တိုဘာ ၄၃- ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံ၊ ယိုကိုဟားမားက သတင်းစာရှင်းလင်းပွဲတွင် Yoshinori Ohsumi က မိန့်ခွန်းပြောနေစဉ်။ ဇီဝကမ္မဗေဒ/ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို တိုကျိုနည်းပညာတက္ကသိုလ်မှ Yoshinori Ohsumi အား ခန္ဓာကိုယ်မှ ပြိုကွဲသွားပုံနှင့် ဆဲလ်အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုပုံ- autophagy အကြောင်း ရှာဖွေတွေ့ရှိမှုအတွက် ချီးမြှင့်ခဲ့သည်။ (ဓာတ်ပုံ – The Asahi Shimbun / The Asahi Shimbun မှ Getty Images)”

မူရင်းလင်ခ့် – Getty Images | Archive link
ဂျပန်နိုင်ငံသားဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ နိုဘယ်ဆုချီးမြှင့်ခံရကြောင်း ဘီဘီစီမြန်မာပိုင်းက ၂၀၁၆ ခုနှစ်က သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။
မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်လို့ အင်တာဗျူးမှာဖော်ပြထားပေမဲ့ တကယ်တော့ မြန်မာဆရာဝန်လောကမှာ ဦးကျော်သူမောင်အမည်နဲ့ထင်ရှားတဲ့ ဆရာဝန်မရှိပါဘူး။ ပြင်သစ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ရုရှားလူမျိုးရုပ်သံသတင်းသမား Vladimir Pozner Jr. ရဲ့ဓာတ်ပုံကို အသုံးပြုပြီး မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်က Cardiovax ဆေးကိုသောက်သုံးဖို့ တိုက်တွန်း တယ်ဆိုပြီးတော့လည်း အခုလိုပဲဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက် စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
တကယ်တော့ Cardiovax ဟာ ဒီဆောင်းပါးမှာပါသလို ထိရောက်ကောင်းမွန်တယ်ဆိုတဲ့ ရလာဒ်မျိုးနဲ့ ဆေးပညာ အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်လည်းမရှိပါဘူး။ အပြင်မှာ အမှန်တကယ်မရှိတဲ့ ဆရာဝန်အမည်နာမ၊ မသက် ဆိုင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုထားတာလည်းတွေ့ရပါတယ်။

Title:Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု
Fact Check By: Nayar MaungResult: False