
ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့ ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့ ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။
ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “မပြောပါဘူး၊ ကျွန်တော်မပြောပါဘူး၊ ဒါမျိုးတိုင်းပြည်ဒုက္ခရောက်မဲ့ ကိစ္စမျိုး ကျွန်တော်ဘယ်ပြောမလဲဗျာ၊ ဒါကအမှားကြီးပါ၊ သတင်းအမှားပါ၊ ကျွန်တော်ကျန်းမာကိစ္စကလွဲပြီး ဒီလိုရေးလေ့မရှိပါဘူး”လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်တွေအရ ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုခဲ့ခြင်းမရှိတာကြောင့် သတင်းအမှားဖြစ်တာတွေ့ရပါတယ်။

Title:ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုခဲ့ပါသလား
Fact Check By: Lynn YuResult: False